..............................

Monday, May 2, 2011

နိုင်ငံရေးအရ ပူးပေါင်းမှုမရှိဟု ရွေးကောက်ပွဲဝင် ပါတီများကို ဝေဖန်

လင်းသန့်
Saturday, 30 April 2011

ရွေးကောက်ပွဲဝင် အတိုက်အခံနိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်ပိုင်းများသည် လွှတ်တော်ပြင်ပ ဒီမိုကရေစီ အင်အားစု များနှင့် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန် ပြောကြားလိုက်သည်။

တရားမ၀င်အသင်းများနှင့် မဆက်သွယ်ရဟူသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေး ကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှု ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိမှု ပိုများလာကြောင်း သိရသည်။

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေးခဲ့သည်။

“အခုဟာက အစိုးရသစ်အပေါ် သဘောထားတွေ၊ တောင်းဆိုချက် လက်မှတ်ထိုး လှုပ်ရှားမှုတွေ၊ စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာတွေ အပေါ်မှာ မတူ ကွဲပြားနေကြတာ ပိုထင်ရှား လာတယ်” ဟု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတဦးက ပြောသည်။

ယခုတပတ်အတွင်း ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဝင် အတိုက်အခံ နိုင်ငံရေး ပါတီ ၁၁ ပါတီ၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းပေးရေး စာရေး တောင်းဆိုမှု ကိုလည်း ကျန်အတိုက်အခံ အဖွဲ့များက ဝေဖန် ပြောကြားကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ အမည်မဖော်လိုသူ သံဃာတော် တပါးကလည်း ဦးသုဝေတို့ ကဲ့သို့ လွှတ်တော်တွင်းမှ နိုင်ငံရေး ပါတီများ အနေနှင့် တိုင်းပြည်အတွက် လက်ငင်း လိုအပ်ချက်များကို တောင်းဆိုနေသော တခြားသော အင်အားစု အားလုံးနှင့် အတူ ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း၊ ယင်း အစီအစဉ်ကို အစိုးရသစ်က ဖော်ဆောင် ပေးလိုက်ပါက သက်ဆိုင်ရာ နိုင်ငံများကို ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရန် စာရေး တောင်းဆိုနေရန် မလိုကြောင်း မိန့်ကြားသည်။

၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ကိုတိုးကျော်လှိုင်က “အန်ကယ် ဦးသုဝေတို့က အစိုးရနဲ့ အဆင်ပြေရေး အရမ်း ရှေ့တန်းတင် လုပ်နေတော့ အစိုးရ အကြိုက် လုပ်တဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

ကိုတိုးကျော်လှိုင် ဆက်လက်၍ “ကျနော်တို့အနေနဲ့ကတော့ အတိုက်အခံအားလုံး ပူးပေါင်း ပါဝင်ဖို့ အခု လုပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အပါအ၀င် ပြည်သူ့အသံ လှုပ်ရှားမှုအတွက် သူတို့ဆီကို သွားတယ်။ ပါတီ ခေါင်းဆောင်တွေက လောလောဆယ် မပါဝင်လိုဘူးတဲ့၊ ဒါပေမယ့် ကျန်ပါတီဝင်တွေက ပူးပေါင်းပါဝင် လက်မှတ် ရေးထိုးကြတယ်” ဟု ပြောသည်။

ဦးသုဝေကမူ “ကျနော်တို့က လွှတ်တော်ထဲမှာရော ၊ အစိုးရအဖွဲ့သစ်ကိုရော နိုင်ငံရေး အကျဉ်းသား လွှတ်ဖို့ မေတ္တာရပ်ခံ တင်ပြတယ်။ အလားတူ တိုင်းပြည် ငြိမ်းချမ်းရေး အတွက်လည်း တိုက်တွန်းတဲ့ ပုံစံနဲ့ ချဉ်းကပ်တယ်။ လုပ်နည်း လုပ်ဟန် မတူလို့ ပူးပေါင်း မလုပ်ဆောင်တာပါ။ သူတို့က တိုက်ပွဲပုံစံဖြစ်နေလို့” ဟု ရှင်းပြသည်။

နိုင်ငံရေးလှုပ်ရှားသူ ကိုဖြိုးမင်းသိန်းက “နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအ၀င် ပြည်သူလူထု အသံ လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်မှတ်ရေးထိုး ထားပြီး ပူးပေါင်းဆောင်ရွက်ကာ ပြည်သူနဲ့ တသားတည်း ရှိကြောင်း ပြသခဲ့ပါတယ်” ဟု ပြောသည်။

အစိုးရသစ်အပေါ် ပြည်တွင်းအတိုက်အခံ အင်အားစုများဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့မှ ဧပြီလ ၂၉ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါအသိပေးချက်တွင် အစိုးရသစ်ဆိုသည်မှာ စစ်အာဏာရှင်စနစ် ရေရှည်ရေးအတွက် ဖွဲ့စည်းပုံနှင့် အကာအ ကွယ်ယူ၍ ရွေးကောက်ပွဲ အမည်ခံကာ ပါတီစုံအဖြစ် ပုံဖော်ထားပြီး ယခင် အစိုးရနှင့် မည်သို့မျှ မပြောင်းလဲကြောင်း ထောက်ပြ ထားသည်။

ထို့အပြင်အစိုးရသစ်၏ အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍လည်း အစိုးရအဖွဲ့တွင် စုစုပေါင်းနေရာ ၃၅ နေရာ ရှိသည့် အနက် စစ်တပ်မှ စစ်ဗိုလ်များက ၂၆ နေရာ ယူထားသည်သာမက ကျန်သူများမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှသာ ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာ့တပ်ပေါင်းစုမှ အမည်မဖော်လိုသူ သံဃာတော်က “လွှတ်တော်တွင်း အတိုက်အခံ နိုင်ငံရေး ပါတီတွေ အနေနဲ့ အခု အစိုးရသစ် ပေါ်ထွန်း လာတာကို အပြောင်းအလဲ အဖြစ် လက်ခံ နေကြပြီး စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်း ပေးရေးပဲ သူတို့ အစဉ်တစိုက် ကြိုးစားလာတာ” ဟု မိန့်ကြားသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုသည် ယခင် စစ်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကြန့်ကြာ နေရမှုများအပေါ် သက်ဆိုင်ရာ နိုင်ငံများက လုပ်ဆောင် ခဲ့ခြင်းသာ ဖြစ်ပြီး အဆိုပါ အရေးယူမှုသည် မြန်မာနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ် ပေါ်ပေါက်စေရေး ဖိအားပေး ယန္တရား အဖြစ် ကျင့်သုံး နေခြင်းသာဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တခြား ဒီမိုကရေစီရေး ထောက်ခံသော နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ဖိအား ပေးခြင်းအပေါ် ထောက်ခံ ကြိုဆိုကြောင်း ကြေညာခဲ့ပြီး ဆက်လက် ထားရှိ သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာနှင့် မေးမြန်းခန်းများတွင် ပြောဆို ထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့