..............................

Monday, January 17, 2011

CB ဘဏ် ပြိုလဲတော့မလား

ရန်ပိုင်
Saturday, 15 January 2011

အပ်နှံထားသည့်ငွေများကို ပြန်လည်ထုတ်ယူသူ များပြားလာသောကြောင့် ပုဂ္ဂလိကနှင့် သမ၀ါယမ ၀န်ကြီး ဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် CB ဘဏ် ပြိုလဲနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘဏ် ဆက်လက် ရပ်တည်နိုင်ရန် ကြိုးပမ်း နေရကြောင်း သိရသည်။

ယင်းသို့ CB ဘဏ်မှ ငွေများပြန်လည် ထုတ်ယူကြခြင်းမှာ နေပြည်တော်ရှိ စစ်အာဏာပိုင်များက CB ဘဏ် တည်ထောင်သူ ဦးခင်မောင်အေး ကို ဖိအားပေးမှုများ ရှိလာသည့် အတွက် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်း အ၀ိုင်းတွင် ပြောဆို နေကြသည်။

နေပြည်တော်ရှိ နိုင်ငံတော် ဧည့်ဂေဟာ ဆောက်လုပ်ရေး လုပ်ကိုင်နေသော CB ဘဏ် အုပ်စုမှ ကောင်းမြန်မာ ဆောက်လုပ်ရေး လုပ်ငန်းကို စစ်အစိုးရက လုပ်ငန်း ရပ်စဲစေခြင်း၊ MAI လေကြောင်းလိုင်းတွင် CB ဘဏ်မှ ပါဝင်သည့် အစု ရှယ်ယာများကို ကမ္ဘောဇဘဏ်သို့ ရောင်းချစေရန် မကြာသေးမီက စစ်အစိုးရမှ ဖိအား ပေးလာခြင်း တို့ကြောင့် ဘဏ်လုပ်ငန်းရှေ့ဆက် တည်ငြိမ်ရေး ငွေအပ်နှံသူများ စိုးရိမ်းမကင်း ဖြစ်လာစေကာ အပ်နှံငွေများ ပြန်လည် ထုတ်ယူနေကြောင်း၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်နှင့် ပထမ ပုဂ္ဂလိက ဘဏ်ကဲ့သို့ တခြားသော ဘဏ် လုပ်ငန်းရှင်များ အနေဖြင့် CB ဘဏ်၌ အစုရှယ်ယာငွေများ ထပ်မံ ထည့်ဝင်ရန် CB ဘဏ် ဥက္ကဋ္ဌက လိုက်လံ ပြောဆို နေမှုများကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အကြား ယုံကြည်မှု ကင်းမဲ့လာခဲ့သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးသမား တဦးက ပြောသည်။

“CB ဘဏ်မှာ ပိုက်ဆံရှိတဲ့ စီးပွားရေးသမားကြီးတွေ ငွေအပ်တာဆိုတော့ စီးပွားရေး အသိုင်းအ၀န်း မှာတော့ တော်တော် ဂယက် ရိုက်နေတယ်၊ အလုအယက်လည်း ငွေပြန် ထုတ်နေတယ်”ဟု ၎င်းကဆိုသည်။

CB ဘဏ်တွင် ဘုရင့်နောင် ပွဲရုံတန်းရှိ ပဲ၊ နှမ်းနှင့် ဆန်လုပ်ငန်းရှင်များ၊ သစ်လုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင် များနှင့် တခြားသော လုပ်ငန်းရှင်များ ယုံကြည်မှု ရှိရှိဖြင့် ငွေအပ်နှံခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို ဖိအားပေးခြင်းမှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်သည့် MAI လေကြောင်း လိုင်းနှင့် ပတ်သက်သည့် အစည်းဝေးတွင် Ground Handling ခေါ် လေဆိပ်နှင့် ပတ်သက်သည့် ၀န်ဆောင်မှု လုပ်ငန်းများကို လေကြောင်းလိုင်း ၀ယ်ယူသည့် ၎င်းတို့ကိုသာ လုပ်ကိုင်ခွင့် ပြုသင့်ကြောင်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို တင်ပြခဲ့သည့် အတွက် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ရန်ကုန်မှ စီးပွားရေးသမားက ဆိုသည်။

ယခုအခါ Ground Handling လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သည့် ဘိန်းဘုရင် လော်စစ်ဟန်၏ သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည်။

Ground Handling လုပ်ငန်းတွင် ပြည်ပမှ ဆင်းသက်သည့် လေယာဉ်များကို အခွန်ကောက်ယူခွင့် အပြင် ခရီးသည် ၀န်ဆောင်မှုနှင့် လေဆိပ် လုပ်ငန်းများ ပါဝင်ပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့် ရရှိသည်ဟု လေဆိပ်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

စီးပွားရေး အသိုင်းအဝန်း၏ အဆိုအရ ယင်းဖြစ်ရပ်ကို သီဟသူရ ဦးတင်အောင်မြင့်ဦးက အငြိုးထားပြီး နေပြည်တော်ရှိ နိုင်ငံတော် ဧည့်ဂေဟာ တည်ဆောက်ရေး လုပ်ငန်း၌ ဦးခင်မောင်အေးပိုင် ကောင်းမြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ၏ နေရာတွင် အေ၀မ်း(A1) ဆောက်လုပ်ရေး ကုမ္ပဏီဖြင့် အစားထိုးခဲ့ကြောင်း သိရသည်။

CB ဘဏ် အကြီးတန်း အရာရှိတဦးကမူ ဘဏ် အပ်ငွေများ ထုတ်ချင်သမျှ ပြန်လည် ထုတ်ခွင့်ပြု ထားကြောင်း၊ အကန့်အသတ် မရှိကြောင်း၊ ယခု ထွက်ပေါ်နေသည့် သတင်းမှာ မှန်ကန်မှုမရှိဘဲ ကောလာဟလသာ ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်တစောင်တွင် ငြင်းဆိုထားသည်။

CBဘဏ်သည် ယခင်က သမ၀ါယမ ၀န်ကြီးဌာနပိုင်ဖြစ်သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အစုရှယ်ယာများ လက်ခံပြီး သမ၀ါယမပိုင် ဘဏ်သုံးဘဏ်နှင့် ပူးပေါင်းကာ အကျိုးတူ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဘဏ်များတွင် ကမ္ဘောဇဘဏ်ပြီးလျှင် CBဘဏ်သည် ဒုတိယ အကြီးဆုံးဖြစ်ပြီး ဘဏ်ခွဲပေါင်း ၂၅ ခုခန့် ဖွင့်လှစ် ထားကာ လက်ရှိ အခြေအနေတွင် ဦးခင်မောင်အေးက ရှယ်ယာအများဆုံး ထည့်ဝင်ထားပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

လက်ရှိ CBဘဏ် လည်ပတ်နေသည့် ငွေပမာဏ စုစုပေါင်းမှာ ကျပ်ငွေ ၃၅ ဘီလီယံ ခန့်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် သတင်းရပ်ကွက်မှ သိရသည်။

ဦးခင်မောင်အေးမှာ ယခင်က သစ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးပြီး မြေကွက်များ အရောင်းအ၀ယ် လုပ်ခြင်းဖြင့် ကြွယ်ဝ လာသူ ဖြစ်ပြီး တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင် တဦးလည်း ဖြစ်သည်။

၎င်းသည် လက်ရှိ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များ အသင်းတွင် အတွင်းရေးမှူး တာဝန် ယူထားသူလည်း ဖြစ်သည်။

ယခုဖြစ်ပွားနေသည့် CB ဘဏ်၏ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ဦးခင်မောင်အေးက ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် သမ၀ါယမ ၀န်ကြီး ဦးတင်ထွတ်အား အကူအညီ တောင်းထားသည်ဟု အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

ပြည်တွင်းစီးပွားရေး ပညာရှင်တဦးကမူ ယခုဖြစ်ပေါ်လာသည့် CB ဘဏ်၏ ငွေကြေး အကျပ်အတည်းကို အစိုးရ ဗဟိုဘဏ်မှ ဖြေရှင်း ကျားကန် ပေးလိမ့်မည်ဟု ထင်ကြောင်း၊ ထိုသို့မဟုတ်ပါက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း တခုလုံးကိုပါ မတည်မငြိမ် ဖြစ်လာမည့် အရေးမြင်ကြောင်း သုံးသပ် ပြောဆိုသည်။

ဧရာဝတီသတင်းထောက် အောက်သက်ဝိုင်း ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့