..............................

Friday, January 21, 2011

တိုင်းရင်းသား ဒုသမ္မတ ပေါ်ထွက်ရေး ချင်းပါတီ တိုက်တွန်း

ထွန်းထွန်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် နေရာများတွင် တိုင်းရင်းသားများ ပါတီများ ထဲမှ ခန့်အပ်ပါရန် ချင်းအမျိုးသား ပါတီ CNP က လွှတ်တော် အမတ်များကို တိုက်တွန်း လိုက်သည်။

CNP က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့နှင့် ပူးတွဲ၍ ရွေးကောက်ခံ အမတ်များကို မေတ္တာ ရပ်ခံခဲ့သည့် ယခုလ ၁၆ ရက်နေ့ ပူးတွဲ ကြေညာချက်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

“အခုဖြစ်လာမယ့် အစိုးရက ဘယ်သူတွေ ဝိုင်းပါချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို သူတို့ သတိ မထားမိမှာ စိုးရိမ်လို့ပါ။ ပါတီစုံစနစ် ဖြစ်တဲ့ အတွက်ကြောင့် အနိုင်ရတဲ့ ပါတီကပဲ နေရာ ယူတယ် ဆိုတဲ့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် အလားအလာ မကောင်းဘူး” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

“သမိုင်းကြောင်း ပြန်ကြည့်ရင် တော်တော်နာကျည်းစရာကောင်းတဲ့ ဖြတ်သန်းမှုလေးတွေ ကြုံလာခဲ့ ပြီးပြီပေါ့ဗျာ။ ဆိုတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဲဒီလို နာကျည်းချက်မျိုးတွေ နောက်တခါ ပြန်ပေါ်မလာဖို့ရန် အတွက် အခုကတည်းက အစပိုင်း သေချာမှ” ဟု သူက ဆက်ပြောသည်။

SNDP ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းဆောင်ဆီကလည်း “လွတ်လပ်ရေး တပြိုင်နက်ထဲ ယူမယ်ဆိုတဲ့ ကိစ္စကို ပင်လုံစာချုပ်၊ ပင်လုံ သဘောထားတွေနဲ့ အခြေခံပြီးတော့မှ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် လေးစားမှုရှိ၊ အပြန်အလှန် ယုံကြည်မှု ရှိပြီး လျှောက်ခဲ့တာကိုး။ အန်ကယ်တို့ တိုင်းရင်းသားတွေကလည်း တကယ်တမ်း ကျရင်တော့ ပြည်ထောင်စု ကိစ္စမှာ တိုင်းရင်းသားတွေ မပါရင် ဘယ်လိုလုပ် သင့်တော်မလဲ” ဟု မဇ္ဈိမကို ပြောသည်။

၎င်းတို့ကြေညာချက်ထဲတွင် ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်များ သာမက ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ နေရာများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌနှင့် အချိုးကျ ပြည်နယ် ဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးရန် မေတ္တာ ရပ်ခံထားသည်။

၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတရာထူးအတွက် အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားလှယ် တဦးကျစီ တင်သွင်းရမည်ဖြစ်ပြီး ထိုအထဲမှ လွှတ်တော် အမတ်များက သမ္မတကို မဲပေး ရွေးချယ်ကာ ကျန် ၂ ဦးမှာ ဒုသမ္မတ ဖြစ်မည်။

ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သဘော တူညီချက်ဖြင့်သာ ခန့်အပ်နိုင်မည်။ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌကိုမူ ပြည်နယ် လွှတ်တော် အမတ်များက ရွေးကောက် တင်မြှောက်ရမည်။

ဖွဲ့စည်းပုံ၌ အရေးပေါ်ကာလတွင် အာဏာအရှိဆုံးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖြစ်သည်။ ယင်းကောင်စီတွင် သမ္မတ၊ ဒုသမ္မတများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် တိုင်းရင်းသား လူမျိုးများထဲမှ ဒုသမ္မတများ ရွေးချယ်ခံရပါက ယင်းကဲ့သို့ အရေးပါသော ကောင်စီထဲတွင် အလိုလျောက် ပါဝင် သွားမည်ဖြစ်သည်။

’’သမ္မတပြီးရင် ဒုသမ္မတဆိုတော့ ဒီတိုင်းပြည်ကတော့ သမ္မတ အုပ်ချုပ်တဲ့ စနစ်ကိုး။ သမ္မတ အုပ်ချုပ်တဲ့ စနစ်ဆိုတော့ သမ္မတ နေရာမှာ မရရင် ဒုသမ္မတ ဆိုတော့ တိုင်းရင်းသားတွေရဲ့ ပုံရိပ်ပေါ့။ အရေးကြီးမှု၊ မကြီးမှုဆိုတာကတော့ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားနဲ့ သူ ရှိနေတာပဲလေ’’ ဟု ဦးစိုင်းဆောင်ဆီက ပြောသည်။

အခြေခံဥပဒေက သမ္မတ ပါဝင်သော လုံခြုံရေးကောင်စီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ခွင့်နှင့် စစ်တပ်ကို အသုံးချခွင့် ပေးထားသည်။

ထို့အပြင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အတွက် စည်းဝေးရာတွင် ကောင်စီဝင်အားလုံး မစုံညီလျှင်လည်း သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ဖြင့် နိုင်ငံအဝှမ်း အရေးပေါ် အခြေအနေ ၁ နှစ်ထိ ထုတ်ပြန်နိုင်သည်။

CNP ပါ တိုင်းရင်းသား ၅ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၃၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၉ နေရာ ရရှိထားသည်။

ပြည်သူ့လွှတ်တော်တွင် အမတ် ၄၄ဝ ဦး ရှိသည့်အနက် တပ်မတော် ကိုယ်စားလှယ် ၁၁ဝ ဦးနှင့် အမျိုသား လွှတ်တော်တွင် ၂၂၄ ဦး အနက် ၅၆ ဦး၊ ဒေသဆိုင်ရာ လွတ်တော်များတွင် ၂၂၂ ဦးဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်သား ဝေစုဖြစ်သည်။ အရပ်သား ဝေစု ဘက်တွင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး ပါတီသည် ပြည်သူ့ လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားသည်။

ဒေသဆိုင်ရာ လွှတ်တော်များအပါအဝင် လွှတ်တော်အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့