..............................

Friday, January 21, 2011

စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ် ဖြစ်နေသည့် အတွက် မသမာမှုများ ဖြစ်ပေါ်အောင် လမ်းဖွင့် ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထား သကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက် ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး စနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေ လူတန်းစား အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ် ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန် လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့ နေ့စွဲတပ် NLD ကြေညာချက်တွင် ပါရှိသည်။

မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။ အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်း ကာလကို တိုးမြှင့်နိုင်သည်။

လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည် ဟုလည်း NLD က ပြောသည်။

လွှတ်တော်တရပ်ပေါ်ပေါက်ခါနီးတွင် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမည့် အစား နအဖ က ပြဋ္ဌာန်းခြင်းမှာ ဆန့်ကျင်ဖက် ဖြစ်နေကြောင်းလည်း NLD က ဝေဖန်သည်။

စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေး ခံရမည် ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟု ဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့