..............................

Monday, January 17, 2011

NLD အထူးအယူခံကို လက်ခံ

ကျော်ခ
သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တရားဝင်ပါတီတခုအဖြစ် တည်ရှိနေကြောင်း ဆုံးဖြတ်ဖို့ တင်သွင်းသည့် အထူး အယူခံကို နေပြည်တော် တရားရုံးချုပ်က မနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးသည့် အဆိုပါ အထူးအယူခံကို NLD ဗဟိုအထောက် အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးကျော်ဟိုးတို့ ၃ ဦး မနေ့က နေပြည်တော် တရားရုံးချုပ်သို့ သွားရောက် တင်သွင်းခဲ့သည်။

“မနေ့ကကျနော်တို့သွားတော့ ၂ နာရီလောက် စောင့်ခိုင်းပြီးမှ ဒီအမှုကို လက်ခံလိုက်တယ်။ ပြီးတော့ အမှုနံပါတ် ပေးတယ်။ နောက်ပြီးတော့ လက်ခံဖို့ သင့်မသင့် ၂ ဘက် လျှောက်လွှဲချက် ကြားနာဖို့ သူတို့ အကြောင်းကြားမယ်ပေါ့လေ။ တရားရုံးက အဲဒါပါပဲ” ဟု ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကိုပြောသည်။

NLD တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့် ရှိကြောင်း ပထမ အကြိမ် တင်သွင်းခဲ့သည့် အထွေထွေ အယူခံကို နေပြည်တော် တရားရုံးချုပ်က မနှစ် နိုဝင်ဘာ ၂၂ ရက်က ပယ်ချခဲ့သော်လည်း အထူး အယူခံတင်ခွင့် ရှိသဖြင့် နောက်ဆုံးအဆင့် အထူး အယူခံ တင်သွင်းခြင်းဖြစ်သည်။

မနှစ်နိုဝင်ဘာက ကျင်းပသည့် စစ်အစိုးရ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဥပဒေများကြောင့် NLD က ဝင်မပြိုင် ခဲ့သည့်နောက် ယင်း ဥပဒေများကြောင့်ပင် NLD ပါတီ တရားဝင် ရပ်တည်ခွင့် မရှိတော့သလို ဖြစ်နေသဖြင့် လျှောက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်နှင့် အနိုင်ရခဲ့သည်။

NLD မပါသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီက လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင် ရခဲ့သည်။ သို့သော် မဲမသမာမှု များကြောင့် ယခုထိ ပြိုင်ဘက် ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့