..............................

Thursday, January 20, 2011

အကယ်ဒမီပွဲမတိုင်မီ ၂ ပတ်မှစ၍ ရုပ်ရှင်၊ ဗီဒီယို မရိုက်ရန်တားမြစ်

နရီလင်းလက်
Wednesday, 19 January 2011

နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည့် ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မတိုင်မီ ၂ ပတ်ခန့်မှ စတင်၍ ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှုများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။

စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော်တွင် တတိယ အကြိမ်မြောက် ပြုလုပ်သည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ မစည်ကားမည်စိုး သောကြောင့် ယခုကဲ့သို့ တားမြစ်ခြင်း ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “တချို့ အနုပညာရှင်တွေက ဒီပွဲ မတက်ချင်တော့ ကားရိုက်ရှိလို့ဆိုပြီး မတက် တာမျိုးတွေ ရှိတယ်။ ဖိအားသုံးပြီး အနုပညာရှင် အားလုံး မတက်မနေရ ဆိုတာမျိုး မပြောဘဲ ဗီဒီယို၊ ရုပ်ရှင် ထုတ်လုပ်ရေးတွေကို သတ်မှတ်ထားတဲ့ ရက်မှာ ဘာကားမှ မရိုက်ရဘူးလို့ ပြောလိုက်တာ။ အနုပညာရှင်တွေလည်း အကြောင်းပြလို့ မရတော့ဘူး။ နေပြည်တော် အကယ်ဒမီ ပေးပွဲလည်း လူစည်မယ်လေ” ဟု သူက ပြောသည်။

ယခင်က အကယ်ဒမီ ထူးချွန်ဆုပေးပွဲ နီးကပ်လာပါက နယ်ထွက် ရိုက်ကူးခြင်းကို တားမြစ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မည်သည့် နေရာတွင်မှ ရိုက်ကူးမှု မပြုလုပ်ရန် တားမြစ်ခြင်းမှာမူ ပထမဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီများသို့ ဇန်န၀ါရီ ၁၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ရိုက်ကူးရေး လုပ်ငန်းများ မပြုလုပ်ရန် ရုပ်ရှင် အစည်းအရုံးမှ စာပို့ ထားသည်ဟု ဗီဒီယို ဇာတ်ကားများ ထုတ်လုပ် ဖြန့်ချိနေသည့် ကုမ္ပဏီ တခုမှ တာဝန်ရှိ သူတဦးက ပြောသည်။

“တချို့ ထုတ်လုပ်ရေးတွေ ကျတော့လည်း ဘယ်ရက်မှာ ကားပြီးရမယ်လို့ သတ်မှတ်ပြီး ရိုက်နေတော့ နည်းနည်း ကသီတာပေါ့။ သတ်မှတ်ထားတဲ့ ရက်ထက် နောက်ကျမှ ကားထွက်တာမျိုးတွေ ရှိသွားနိုင်တယ်။ အရင်နှစ်တွေက နယ် မထွက်ရဘူး ဆိုတာ သိထားတော့ ကိစ္စမရှိဘူး၊ မြို့တွင်း ပတ်ရိုက်လို့ ရတယ်ဆိုပြီး စီစဉ်ထားတာ။ အခု ဒီလို စာထုတ်ပြီး ပို့တော့ မြို့ထဲမှာတောင် ရိုက်လို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှစ၍ နေပြည်တော်တွင် ကျင်းပခဲ့ပြီး နေထိုင် စားသောက်ရန် စီစဉ် ပေးကာ တည်းခိုရန် အတွက် နေပြည်တော် စည်ပင်သာယာက စီစဉ်ပေးခဲ့သည်။

“ဒီနှစ်က ဟာသကားတွေ များတဲ့အပြင် အကယ်ဒမီ ရမယ်လို့ ခန်းမှန်းထားတဲ့ အနုပညာရှင်တွေ နည်းတယ်။ ဆုချိတ်မယ့် ဇာတ်ကား နည်းတော့ တက်မယ့်သူလည်း သိပ်မရှိဘူး။ တာဝန်ရှိသူတွေကတော့ အကုန် တက်စေချင်တယ်။ စည်စည် ကားကားဖြစ်လေ ပိုကြိုက်လေပေါ့။ လက်ရှိ ဗီဒီယို ကား ၂ ကား လက်ခံပြီး ရိုက်နေတာကိုတော့ ရပ်ထားတယ်” ဟု အမျိုးသမီး အနုပညာရှင် တဦးက ပြောသည်။

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက “အနုပညာလောကမှာ စာပေဆုပဲ ဖြစ်ဖြစ်၊ ဂီတ ဆုပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဆုပဲ ဖြစ်ဖြစ် ချီးမြှင့်တဲ့ ပွဲကို အနုပညာ သမားက ကိုယ်နဲ့ တကယ် ပတ်သက်နေပါလား၊ ငါတို့ သွားမှ ဖြစ်မယ်ဆိုတဲ့ အသိမျိုး ရှိနေဖို့ပဲ လိုတယ်။ မတက် တက်အောင် ဖန်တီးတာမျိုး၊ မတက်မနေ ရလုပ်တာမျိုးတွေ မလုပ်သင့်ဘူး” ဟု ပြောသည်။

အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်း ဂျာနယ် တိုက်များကိုလည်း တနှစ်ထက်တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်လာကြောင်း သတင်းထောက် တဦးက ပြောသည်။

“မီဒီယာများကို စိစစ်ပြီးမှ တက်ခွင့်ပြုမယ် ဆိုတာကတော့ နှစ်တိုင်း ပြောနေကြ ဆိုပေမယ့် ဒီနှစ်မှာတော့ လျှောက်လွှာတင် ထားတယ် ဆိုပြီးတိုင်း တက်ရမယ် မထင်ပါနဲ့လို့ ပြောတယ်။ အဓိက ဘယ်ဂျာနယ်တိုက်က ဘယ်သူတွေ တက်မလဲ ဆိုတာ ကြည့်ပြီး သေချာ စိစစ်မယ် ပြောတယ်။ ပုံမှန် တိုက် တတိုက်ကို ၂ ယောက် တက်ခွင့် ပေးနေရာကနေ တယောက်တည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ သူတို့နဲ့ ပိုင်အောင် ပေါင်းထားတဲ့ လူတွေကတော့ ဘယ်လောက် ၀င်ဝင် ထွက်ထွက်ရတယ်။ နောက်တခု ဒီလိုလုပ်တာ မီဒီယာ သမားတွေကို နေရာ တကာမှာ မမြင်ချင်တာလည်း ပါမယ်ထင်တယ်” ဟု သူက ဆိုသည်။

ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး ရုံတင် ပြသခဲ့သည့် မြန်မာ ရုပ်ရှင် ဇာတ်ကား ၁၆ ကား အနက်မှ ရွေးချယ် ပေးအပ်မည်ဖြစ်ကာ ထို ရုပ်ရှင်ကားများ ထဲတွင် ဟာသ ဦးစားပေး ဇာတ်ကား ၁၀ ကား ပါဝင်သည်။

အဆိုပါ ဇာတ်ကားများထဲမှ “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဆုများ ရရှိနိုင်သည်ဟု အနုပညာ အသိုင်းအ၀န်းတွင် ခန့်မှန်း ပြောဆိုနေကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့