..............................

Thursday, October 13, 2011

အာဏာရှင်အနံ့အသက်တွေ ကင်းရှင်းဖို့

လူထုစိန်ဝင်း
Sunday, 09 October 2011

'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့ အတွက် ရေးသင့် ရေးထိုက်တာ လေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမား ဆိုတာ ရှိနေရတာ မဟုတ်လား။

ရာထူးကြီးလေ ဇိမ်မရှိလေ

ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြ အိပ်ကြ ရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စ မှန်သမျှ ကိုယ်တိုင် ဆုံးဖြတ် ရတာဖြစ်လေတော့ တာဝန် သိပ်ကြီးပြီး စိုးရိမ် ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာ ထည့်ထားပြီး စက္ကန့်နဲ့ အမျှ စဉ်းစားခန်း ထုတ်နေရတာကြောင့် တော်ရုံ ကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလို အခါမျိုးမှာ သတင်း စာတွေကို အားကိုး အားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေ ပူလာတဲ့အခါ သတင်းစာတွေကို လှန်လှော ကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။

ထမင်းစားရေသောက်သလို

သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြတာ ဖြစ်လေတော့ သာမန် အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထား မိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစား ရေသောက်တဲ့ အလုပ်တွေ လုပ်သလို တာဝန်တစ်ရပ် အဖြစ် သဘောထားပြီး မဖြစ်မနေ ဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။

ခွဲခြမ်းစိတ်ဖြာပေးရ

သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအ၀င် တိုင်းသူပြည်သား အားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင် ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ် ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်း အရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာ ဖတ်သူတိုင်းဟာ အားလပ် နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်း စိတ်ဖြာပြတဲ့အတွက် အချိန်ကုန် သက်သာပြီး အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာ သမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။

ကျန်နေတဲ့ အားအင်ကလေးနဲ့

အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံး ဆယ်စုနှစ်ထဲ ရောက်နေပြီလို့ ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျ သွားနိုင်တယ်။ ဒီအချိန်မှာ ပိုက် ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများ အကျိုးကို သယ်ပိုး ထမ်းရွက်လိုတဲ့ စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ် ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေးမယ့် ကိစ္စကလည်း ဘယ်သူ့ အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။'ပညာရှိသတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။ တော်ရုံ ကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုး အားထား ပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေ ပူလာတဲ့ အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ် .. .

အာဏာရှင်စော်နံ

သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအ၀င် နိုင်ငံ ခေါင်းဆောင်တွေ နေ့စဉ်နဲ့ အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့ စကားသံတွေလည်း ကြားကြား နေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီ စကားသံတွေကတော့
''သမ္မတကြီးညွှန်ကြားတဲ့ အတိုင်း''
''သမ္မတကြီးပြောကြားတဲ့ အတိုင်း''
''သမ္မတကြီးဆုံးဖြတ်တဲ့ အတိုင်း'' ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီး တစ်ယောက်တည်းရဲ့ သဘောနဲ့ ဆုံးဖြတ် လုပ်ကိုင်နေတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင် စနစ်အောက်မှာ ဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန် အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။

အမြော်အမြင်ရှိသူ

သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိ ထားပါတယ်။ ဒီမိုကရေစီ စနစ်ကို လိုလားသူ လို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ် ကိုးကွယ်မှု ဆန်လွန်းပြီး အာဏာရှင်အနံ့ အသက် မကင်းတဲ့ ဒီလိုချီးပင့် မြှောက်စား ပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ ဆိုတဲ့ အသုံးအနှုန်း မျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။

အပ်ကြောင်းထပ်အောင်သုံး

အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေ ဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်း ထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲ လုပ်တာလည်း ''အန်တီစုညွှန်ကြားချက် အရ'' ၊ ပရဟိတကျောင်းဖွင့် စာသင်တာလည်း ''အမေစု တာဝန်ပေးချက် အရ''၊ စာကြည့်တိုက် ဖွင့်တာလည်း ''အန်တီစု လမ်းညွှန်ချက် အရ'' ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေ ကြားရတော့ တစ်ခေတ်တစ်ခါက ဘောလုံးပွဲ နိုင်တာလည်း ''ဥက္ကဋ္ဌ မော် ခေါင်းဆောင်မှုကြောင့်''၊ ရေနံတွင်း တွေ့တာလည်း '' ဥက္ကဋ္ဌမော်ကြောင့်''၊ မီးရထားလမ်း ဖောက်နိုင်တာလည်း ''ဥက္ကဋ္ဌမော်ကြောင့်'' ဆိုတဲ့ အသံတွေ ညံနေအောင် ကြားခဲ့ရတာကို ပြန် အမှတ်ရမိတယ်။

အရိယာမဟုတ်

ဒေါ်အောင်ဆန်းစုကြည်လည်း ဥာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ် ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယ မရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုး စွန့်လွှတ်တဲ့ နေရာမှာလည်း အံ့မခန်း လောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည် တို့ ဆိုတာ အရိယာတွေ မဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ် လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ၀မ်းသာပီတိ ဖြစ်တတ်တယ်။ ဒါသဘာဝဖြစ်တယ်။

ငါမှငါ

ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုး ကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ် ခံရသူမှာ ငါမှ ငါဆိုတဲ့ အတ္တစိတ် ကြီးထွား လာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ရှောင်ရှား နိုင်အောင် အထူး သတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသားလိုက်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့