..............................

Tuesday, October 11, 2011

တရုတ်သင်္ဘောသားများ သတ်မှု နော်ခမ်းအဖွဲ့ ပတ်သက်နေဟုဆို

ကိုဝိုင်း
တနင်္လာနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း တွေ့ရသော တရုတ် သင်္ဘောသား ၁၃ ဦး၏ အလောင်း များကို သတ်ဖြတ်သူ များတွင် ရှမ်းလူမျိုး နော်ခမ်း ဦးစီးသော ဂိုဏ်းအဖွဲ့သည် နောက်ကွယ်မှ ပါဝင် ပတ်သက် နေနိုင်ကြောင်း ထိုင်းစစ်တပ်က ပြောကြားသည်ဟု ဘန်ကောက်စ်ပို့ သတင်းစာတွင် ဖော်ပြပါရှိသည်။

တရုတ်အလံတင် သင်္ဘောနှစ်စီးကို ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မြောက်ဘက် ၁၂ မိုင် ခွဲခန့် အကွာတွင် ပြန်ပေးဆွဲ ခဲ့သည်ဟု ပါမောင်း အထူးတပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ ပြောကြားချက်ကို ဘန်ကောက်စ်ပို့စ်က ကိုးကားထားခြင်းဖြစ်သည်။

“အဲဒီဂိုဏ်းက မြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ ရှိပြီး ဆက်ကြေး တောင်းတယ်။ မပေးရင် သင်္ဘောသား တွေကို သတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကိုယူကြတယ်” ဟု ပါရှိသည်။

ဆင်ဝှာသတင်းတရပ်တွင် သေဆုံးသူ တရုတ်အမျိုးသား ၁၃ ဦးပါရှိသည်ဟု ဆိုသည်။ အလောင်း အများစုမှာ လက်ထိပ်ခတ် ခံထားရ၊ ကြိုးတုတ် ခံထားရသည်။ သေဆုံးသူများမှာ ‘Hua Ping’ နှင့် ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်သည်ဟု ယူဆ နေကြသည်။

Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ် သည်ဟု တနင်္လာနေ့ ထိုင်းနိုင်ငံထုတ် သတင်းစာက ဖော်ပြသည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ သန်း ၁ဝဝ ခန့် ရှိသည်ဟု ခန့်မှန်းထားသည်။

အောက်တိုဘာ ၅ ရက်က ပါမောင်း အထူးတပ်ဖွဲ့က ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မဲခေါင်မြစ် ပေါ်တွင် သင်္ဘော နှစ်စင်းအား ရပ်တန့် စေရာမှ အပြန်အလှန် ပစ်ခတ်ကြပြီး Yu Xing 8 Hao ပေါ်မှ မူးယစ်ဂိုဏ်းသား တဦး သေဆုံးကာ ကျန်သူများ လွတ်မြောက် သွားကြောင်းသာ သတင်းက ဖော်ပြပြီး အသေးစိတ် မပါရှိပေ။ တရုတ်သင်္ဘောသား ၁၃ ဦး၏ အလောင်းများကို ဆေးစစ်ချက် ရယူရန် ချင်းဆန်မြို့နယ် ဆေးရုံတွင် ထားရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်း သတင်းများကို ဖော်ပြနေပြီး မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာများ ထုတ်နေသည့် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကလည်း ၂ဝဝ၇ ခုမှစ၍ ရွှေတြိဂံ မဲခေါင်မြစ်အတွင်း သင်္ဘောများကို ဆက်ကြေး ကောက်နေသည့် အင်အား ၁၅ဝ ခန့်ရှိ နော်ခမ်း အဖွဲ့သည် ယခု တရုတ်သင်္ဘောသား များကို သတ်ဖြတ်မှုတွင်လည်း ပါဝင်သည်ဟု ယူဆသည်။

သို့သော် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းယောင်းခရိုင်များကို စိုးမိုးနိုင်ရန် ယခင်က ခွန်ဆာ၊ ဝ’ UWSA၊
နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S တို့ ကြိုးစား ဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ စိုင်းနော်ခမ်းမှာမူ ဤနယ်မြေ အတွင်း လှုပ်ရှား နေနိုင်သည်ကို ဦးခွန်ဆိုင်းက သံသယ ရှိနေသည်။

“သူတို့လောက် အင်အားမရှိတဲ့ စိုင်းနော်ခမ်းကျတော့ အဲဒီမှာပဲ ဆက်နေနေတယ် ဘယ်သူ့မှ သူ့ကို အထောက်အပံ့ မပေးဘဲနဲ့ နေနိုင်ပါ့မလား။ လက်နက်ကတော့ ဒီတဝိုက်မှာ ရှိတဲ့ ထိုင်းတို့ တရုတ်တို့ပေါ့။ အပြင်က လာတာတော့ မကြားပါဘူး။ မူးယစ်ဆေးဝါး ရှိပြီဆိုရင် ဒါတွေလည်း လာရမှာပေါ့” ဟု သူကပြောသည်။

ယခု လားဟူနှင့် ရှမ်းပြည်သူ့စစ်များ စိုးမိုးနေသည့် တာချီလိတ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းဖုံဒေသ အတွင်း၌ မူးယစ်ဆေး ထုတ်လုပ်ခွင့် ရနေကြောင်း ရှမ်းတောင် SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ရွှေတြိဂံ မဲခေါင်မြစ်တဝိုက်မှာ အခွန်ကောက်စားနေတယ်ကြားတယ်။ အရင်က ဦးခွန်ဆာ အဖွဲ့ဝင် ဖြစ်ဖူးတယ် ကြားတယ်။ ကျနော်တို့ အဲဒီဒေသမှာ ဝင်တိုးလို့ မရပါဘူး။ နယ်မြေခံတပ်တွေ လွှမ်းမိုး နိုင်တဲ့ ဒေသဖြစ်ပါတယ်။ ထိုင်း၊ လာအိုပေါ့။ မြစ်ထဲမှာ ကျတော့ စိုင်းနော်ခမ်းက သုံးနိုင်ငံလုံးကို ကူးသွားကူးလာ လုပ်လို့ရတဲ့ အနေအထားမျိုး။ နယ်မြေခံတွေက သူ့ဘက်ပါနေသလို ဖြစ်တယ်” ဟု ဆက်ပြောသည်။

တရုတ်သင်္ဘောများကို ရွှေတြိဂံနယ်မြေ မြောက်ဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့ဘက် ၁၅ မိုင်ကျော်ရှိ ဝမ်ပုံမြို့နယ်၊ ပါစာကျေးရွာအုပ်စု ဆန်ဖူးကျေးရွာနှင့် တဘက်ကမ်း လာအိုနိုင်ငံ ‘လောကျွန်း’ မြစ်ကျဉ်း နေရာတွင် စိုင်းနော်ခမ်း အဖွဲ့က ဆက်ကြေး တောင်းလေ့ ရှိသည်ဟု တာချီလိတ်မြို့ခံ ဝန်ထမ်းဟောင်း တဦးက ပြောသည်။

“မပေးတဲ့ သင်္ဘောကို ပစ်တယ်၊ သူ့လူတွေက ပါစာမှာလည်း ရှိတယ်။ ဝမ်ပုံမှာလည်း ရှိတယ်။ အလုပ်လုပ်ပြီဆိုမှ အလျှိုလျှို သေနတ်ကိုင်ပြီး ထွက်ကြတာတွေ” ဟု သူကဆိုသည်။

မူးယစ်ဆေးဝါးဖြင့် နာမည်ကြီးသည့် ခွန်ဆာ MTA အဖွဲ့တွင် အုပ်ချုပ်ရေးအရာရှိတဦး ဖြစ်ခဲ့ဖူးသူ စိုင်းနောင်ခမ်းသည် ခွန်ဆာ လက်နက်ချသွားသည့် ၁၉၉၆ ခုနောက်ပိုင်း ၂ဝဝ၄ ခုမှ ၂ဝဝ၆ အထိ တာချီလိတ်မြို့တွင် နေထိုင်ပြီး မြန်မာ စစ်တပ် အရာရှိကြီး များနှင့် ဂေါ့ ရိုက်ဖက် ဖြစ်သည်ဟု ဆိုသည်။ ၂ဝဝ၆ ခုတွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ်တွင် မနေတော့သော်လည်း ဆန်ဆိုင်း ရပ်ကွက်ရှိ ယောက်ဖနှင့် အမအိမ်သို့ ရုပ်ဖျက်၍ မကြာခဏ လာလည်သည်ဟု ဆိုသည်။

“နောက်ဆုံး သတင်းရတော့ သူနေတဲ့ ခြံကို သွားတော့ ငါးကန်တွေ လက်နက်တွေ မူးယစ်ဆေးဝါးတွေ မိတာ” ဟု တာချီလိတ် မြို့ခံက ပြောသည်။ ဗိုလ်မှူးကြီးမြင့်ဟန်သည် အရပ်ဘက်သို့ ပြောင်းသွားပြီး ဗိုလ်မှူးကြီးခင်မောင်စိုးက အစားထိုး ဝင်ရောက်လာသည်ဟု ဆိုသည်။

ထိုင်းသတင်းများတွင် သင်္ဘောနှစ်စင်းဖြင့် သယ်လာသော မူးယစ်ဆေးများကို ရွှေတြိဂံ မြန်မာ ဘက်ခြမ်းရှိ တရုတ်နိုင်ငံသားပိုင် ကာစီနို ဟိုတယ်တခုမှ သယ်ဆောင်လာဟန် ရေးသား ထားသော်လည်း တရုတ်ပိုင် ကာစီနို ဟိုတယ်မှာ လာအို နိုင်ငံဘက်ခြမ်းတွင်သာ ရှိသည်ဟု ဦးခွန်ဆိုင်း နှင့် တာချီလိတ်မြို့ခံက ပြောသည်။

တာချီလိတ်မြို့တွင် ထိုင်းပိုင် Allure၊ ရီဂျင်းနားနှင့် ဝ’ ပိုင် မဲခေါင် (ကိုးထပ်ဟိုတယ်) တို့ ရှိပြီး ရွှေတြိဂံ မြန်မာဘက်တွင် ထိုင်းပိုင် Goldern Trigle Paradise Resort တို့သာ ရှိပြီး လာအိုဘက်တွင် တရုတ်နိုင်ငံသား ပိုင်သည့် King Romance Hotel ရှိကြောင်း ဦးခွန်ဆိုင်းက ပြောသည်။ ယင်း ကာစီနိုဟိုတယ် အားလုံးသည် မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

မြန်မာအစိုးရကမူ မူးယစ်ဆေးတိုက်ဖျက်ရေးကို ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၁ ဇန်နာဝါရီမှ ဇွန်လအထိ ၆ လ အတွင်း ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမှု ၁,၆ဝဝ ကျော် အတွက် ပြစ်မှု ကျူးလွန်သူ ၂,ဝဝဝ ကျော်ကို အရေးယူခဲ့သည်ဟု ထုတ်ပြန် ထားသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့