..............................

Tuesday, October 11, 2011

သင်္ကန်းညီနောင်- ကော့ကရိတ်လမ်း ဖေါက်ရန် ထိုင်း- မြန်မာ သဘောတူ

မျိုးသန့်
တနင်္လာနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် သင်္ကန်းညီနောင်မှ ကော့ကရိတ်အထိ ကားလမ်း ဖောက်လုပ်ရန် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ အကြား သဘောတူညီမှု စာချုပ်ကို ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သည်ဟု အောက်တိုဘာလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၅ ရက်နေ့က သွားရောက်ခဲ့သည့် တရက်တာ ခရီးစဉ် အတွင်း အဆိုပါ လမ်းဖေါက်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

၂၂ ကီလိုမီတာ ရှည်လျားသည့် ကရင်ပြည်နယ် အရှေ့တောင်ဘက်ရှိ သင်္ကန်းညီနောင်နှင့် ကော့ကရိတ်လမ်း ဖောက်လုပ်ရန် နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချိုက်ချာကူးတို့ ယခုလ ၅ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကဏ္ဍများ တိုးမြှင့် သွားရန် ဆွေးနွေးခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ဖေါ်ပြသည်။ ထိုင်းဝန်ကြီးချုပ်မှ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများ ပေးခဲ့သည်ဟုလည်း ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ တို့ ထိန်းချုပ်ရာနယ်မြေအတွင်း တည်ရှိသည့် အဆိုပါ လမ်းသည် မိမိတို့တပ်များ လှုပ်ရှားရာ ဒေသတွင်း ဖြစ်နေခြင်းကြောင့် မိမိတို့အနေနှင့် ဖေါက်လုပ်မှုကို သဘောမတူနိုင်ကြောင်း KNU ၏ ပြောရေးဆိုခွင့် ရှိသူ ပဒိုဒေးဗစ်ထောက မဇ္ဈိမနှင့် အင်တာဗျူး တခုတွင် ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ အကူညီဖြင့် ၁၈ ကီလိုမီတာ အကွာအဝေးရှိသည့် မြဝတီ၊ သင်္ကန်းညီနောင် လမ်းအပိုင်းကို ၂ဝဝ၇ က ဖေါက်လုပ် ပြီးစီးခဲ့သည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှ သင်္ကန်းညီနောင်- ကော့ကရိတ်- မော်လမြိုင်အထိ ကီလိုမီတာ ၁,၄ဝဝ အထိ ရှည်လျားပြီး အာရှ ဟိုင်းဝေး လမ်းမကြီး ဖြစ်လာမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ အဘီဆစ် ဝဲချာချီဝကလည်း ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ အတွင်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုစဉ်က မြန်မာ ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးပြီး ထိုင်းဘတ် ဘီလီယံ ၄ဝဝ ကျော် ကုန်ကျမည့် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည် ဖေါ်ရန် သဘော တူခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့