..............................

Tuesday, November 30, 2010

တဦးချင်း၊ တရပ်ကွက်၊ တမြို့နယ်မှသည် တနိုင်ငံ

November 30th, 2010

စိုးနေလင်း

ခုတလော မြန်မာနိုင်ငံက ပြည်တွင်းသတင်းတွေ အထူးသဖြင့်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေ၊ ပြည်သူ ထူထုရဲ့ ထောက်ခံ အားပေးမှုတွေနဲ့ ပြည်သူ့ သစ္စာဖောက်တွေ အပေါ် ပြည်သူလူထု တဦးချင်း တအုပ်စုချင်း ဆန့်ကျင်ရှုံ့ချ တိုက်ချုက်မှုတွေကို ကြားနေဖတ်နေ ရတဲ့အတွက် အများကြီး ၀မ်းသာ အားရဖြစ်ရ အားတက်ရပါတယ်။ ဒီတပွဲမှာ အမှန်တရား တရားမျှတမှု ဓမ္မက အဓမ္မကို အနိုင် ယူနိုင်လောက်ရဲ့ဆိုပြီး စိတ်ဓာတ်တွေ ပြန်အားတက် လာမိပါတယ်။ အဲဒီအခြေ အနေဟာ အမှန် တကယ်လည်း ဖြစ်ဖို့ သင့်တာကြာပါပြီ။

ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ခုတကြိမ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ဟာ စစ် အာဏာရှင်တွေ မတော်မတရား လုပ်မှုတွေရဲ့ အဆုံးစွန်အ ခြေအနေ၊ ပြည်သူလူထုရဲ့ သည်းခံနိုင်မှု ရေချိန်ရဲ့ အကန့်အသတ် ကုန်ဆုံးချိန်၊ စစ်အစိုးရရဲ့ အကုသိုလ်တွေပြန်ပြီး အကျိုးပေးဖို့ အချိန်နဲ့ အံဝင်ဂွင်ကျ ဖြစ်နေတယ်လို့ ပြောရမှာပါပဲ။

ပြဘ်သူလူထုတွေက ၂၀၀၇ ခုနှစ် ရွှေဝါရောင် အုံကြွမှုမှာ စစ်အာဏာရှင်တွေ ဘယ်လို အကြမ်းဖက် ဖြေရှင်း ခဲ့တယ်၊ ရဟန်းသံဃာ မရှောင် ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်း ခဲ့တယ် ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်ပြီး တာတောင်မှ လွတ်မြောက်လာမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ အင်နဲ့အားနဲ့ စုဝေးချီတက်ကြ၊ အော်ဟစ် ဆုတောင်းခဲ့ကြ အားပေး ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ စစ်အစိုးရကဟန့်တား နှောက်ယှက်လာရင် လည်းလက်မခံ အညံ့ မခံတော့ဘူးလို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ အဲဒီလိုထောက်ခံ အားပေးဝိုင်းရံလာ လိမ့်မယ် ဆိုတာကို စစ်အစိုးရ ကမမျှော်လင့်ခဲ့သလို လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်းမျှော်လင့် မထားခဲ့ဘူးလို့ ပြောရင် မှားမယ်မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူလူထု ဟာ အမှန်တရားနဲ့ တရားမျှတမှုကို ဘယ်လောက် လိုချင် တမ်းမက်နေသလဲ ဆိုတာကို မျက်ဝါး ထင်ထင် တွေ့မြင်လို့ ရပါပြီ။ အဲဒီတရားတွေကို ဘယ်သူကပဲ သူတို့အတွက် ကာကွယ်ပေးနိုင် တည်ဆောက် ပေးနိုင်မယ် ဆိုတာကိုလည်း ပီပီပြင်ပြင် နားလည်လို့ ရပါပြီ။ တကယ်တော့ ပြည်သူလူထုကြီး တရပ်လုံးကသာ လက်မခံဘူး ဆိုရင် ဘယ်လို အာဏာရှင်မျိုးကမှ တိုင်းပြည် တပြည်ကို ရေရှည် အုပ်ချုပ် မင်းလုပ်လို့ မရနိုင်ပါဘူး။ ဒါ အမှန်တရားဖြစ်ပါ တယ်။ အမှန်တရားဘက်၊ တရားမျှတမှုဘက်က ရပ်တည်ပေးရဲ ကြဖို့သာ အရေးကြီးတာ ပါ။ မတရားမှု တိုင်းကို ခေါင်းခါ လိုက်ကြဖို့သာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ခုထိ ရှင် န် ရပ်တည် နေနိုင်သေးတာဟာ သူတို့ကို ထောက်ခံ ကျားကန် ပေးနေကြတဲ့သူတွေ ရှိနေသေးလို့ပါ။ အထူးသဖြင့် အစိုးရ ၀န်ထမ်းဆိုတဲ့ ပြည် သူ့ဝန်ထမ်းတွေက အလုပ်ပြုတ် မှာ မိသားစု ဒုက္ခရောက်မှာကို ကြောက်လန့် စိုးရိမ်ပြီး စစ်အစိုးရ ခိုင်းတိုင်း လုပ်ပေးနေကြ လို့ပါပဲ။ စစ်အစိုးရရဲ့ ယန္တယားကြီးကို ဆုံလည်နွားတွေလို လှည့်ပေး နေကြလို့ပါပဲ။ တကယ်ကတော့ အမဲသားလှည်းကို ဆွဲပေးနေကြတဲ့ နွားတွေရဲ့ဘ၀မျိုးပါ။

ဒီကနေ့တော့ ပြည်သူလူထုဟာ အဲဒီလိုဖြစ်နေတဲ့အခြေအနေကနေ လွတ်မြောက်အောင် လုပ်ကြမှဖြစ်မယ်၊ လုပ်နိုင်တဲ့ သူရဲ့ ဦးဆောင်မှု နောက်ကို မမှိတ်မသုန် လိုက်ပါ ဆောင် ရွက်ကြမှ ဖြစ်မယ်လို့ အခိုင်အမာ ယုံကြည် ထားခဲ့ကြပြီလို့ ကျနော်ကတော့ ထင်ပါတယ်။ ပညာရှိစကားနဲ့ စောင့်ကြည့်ရ အုံးမှာပေါ့လေဆိုပြီး ကျားထိုးပွဲကို အပြင်ကကြည့် ဝေဖန် ပြောဆို နေတာနဲ့တော့ မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် တယောက် အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်း တခုထဲမှာ လူလိမ္မာတွေ အလိုမရှိ တိုင်းပြည် လွတ်လပ်ရေး ရအောင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မိုက်မိုက်ကန်းကန်း လုပ်မယ့် လူမိုက်တွေကို သာ အလိုရှိတဲ့ အကြောင်း ပြောသွားခဲ့တာကို ပြန်ပြီး အမှတ်ရမိပါတယ်။ အလွန် မှန်ကန်ပြတ်သား တဲ့စကားဖြစ်ပါတယ်။ ခုချိန်မှာလည်း ကျနော်တို့ မြန်မာတနိုင်ငံလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ပြည်ထောင်စု တခု ဖြစ်ဖို့ စွမ်းစွမ်းတမန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်ပေးမယ့် သူတွေ၊ မိုက်မိုက်ကန်းကန်း လုပ်ရဲတဲ့ သူတွေ အများကြီး လိုအပ်နေပါတယ်။

တကယ်တော့ ဒီ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝပါဝင်မှာမဟုတ်ဘူးလို့ ငြင်းပယ်ခဲ့တဲ့ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိ လိုက်တယ် ဆိုတာကို အားလုံးမြင်သာ ထင်ရှား တွေ့မြင် ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ ကမ္ဘာ့ သမိုင်းမှာတောင် အလွန် ရှားပါးတယ်လို့ပြောရမှာပါ။ ရဲဘော် ဖိုးသံချောင်း ပြောသလို အာဏာရှင် အစိုးရ တွေရဲ့ ဘဏ္ဍာတိုက်ကို စစ်အစိုးရက ဖြည့်ဆွက် ပေးလိုက်တာ ရှိသလို အဖိနှိပ်ခံ ပြည်သူလူထု တွေရဲ့ ဘဏ္ဍာတိုက်ကိုလည်း မြန်မာနိုင်ငံ ပြည်သူတွေက ဖြည့်ဆည်း ပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဖိနှိပ် ဖိနှိပ် ဖိရင် ကြွမယ်ဆိုတာကို အခိုင်အမာ ပြသ လိုက်တာပဲဖြစ်ပါတယ်။

ဒီကနေ့ မြို့တော်ဝန် ဆိုသူ အောင်သိန်းလင်းရဲ့အိမ်၊ ငါးမင်းဆွေဆိုတဲ့ စစ်အစိုးရ အလို တော်ရိ အိမ်တွေကို အမှန်တရား အတွက် မခံ မရပ်နိုင်အောင် ဖြစ်လာကြတဲ့ ပြည်သူလူထု ထဲက ပြည်သူလူထု တယောက် ဒါမှမဟုတ် တစုက ချီးထုပ်နဲ့ ပစ်ပေါက် ဆန့်ကျင်လာကြ တာကို တွေ့လာရပါပြီ။ ဒါဟာစစ်အာဏာရှင်တွေ အာဏာသိမ်း စိုးမိုး အုပ်ချုပ်လာပြီးခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ခုထိ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ ပထမဆုံး ပြည်သူလူထု တဦးချင်း တစုချင်း ဆန့်ကျင် ကန့်ကွက်မှုကို ပြသတာပဲ ဖြစ်ပါပါတယ်။ ဒါဟာ အလွန် ကောင်းမွန်တဲ့ ပြည်သူ့ဆန္ဒ ဖော်ထုတ်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထု တဦးချင်းအနေနဲ့ အဲဒီ လို မတရားမှုဥပဒေ ချိုးဖောက်မှုတွေကို ခေါင်းငုံ့ မခံတော့ဘူးလို့ ပြသ လာတာဖြစ်တာ ဖြစ်ပါတယ်။ အလွန် အားရ ကြေနပ်စရာ ကောင်းပါတယ်။ ဒီလို လုပ်ရပ်မျိုးတွေဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြစ်ရိုး ဖြစ်စဉ်တွေပါ။

တကယ်တော့ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ကြံ့ဖွတ်တွေ စွမ်းအားရှင်ဆို တဲ့ သစ္စာဖောက် လောက်ကောင် တွေဟာ ပြည်သူလူထု ကြားမှာပဲနေ နေကြတာပါ။ ပြည် သူလူထုကျွေးတဲ့ ထမင်းကိုပဲ စားပြီး ကျေးစွတ် အသက်ရှင် ရပ်တည် နေကြတာပါ။

ကျနော်တို့ပြည်သူလူထုကြီးကအလွန်မေတ္တာတရားကြီးမား ခွင့်လွှတ်စာနာခဲ့ကြလို့ သူ တို့ ဒီလောက်ထိ မိုက်ရိုင်း ရမ်းကား ရဲနေတာပါ။ ဒီကနေ့ ပြည်သူလူထုက တို့ လူ့အဖွဲ့အ စည်းမှာ ဒီလိုလူမျိုးတွေကို လက်မခံတော့ဘူး ဟေ့လို့ တခွန်း ပြောလိုက်တာနဲ့ အဲဒီ စစ်အုပ်စုရဲ့ကျောရိုး ဒေါက်တိုင်တွေ အရိုးအသား ရှာမရအောင် ဖြစ်သွားမယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ကျနော်တို့ပြည်သူလူထု အနေနဲ့ ကျနော်တို့ရဲ့လူထုခေါင်းဆောင်ပြောခဲ့သလိုပဲ ကိုယ်လို ချင်တဲ့ အရာကို ရအောင်ယူ တတ်ကြဖို့၊ ယူရဲကြဖို့၊ ယူကြဖို့ အရေးကြီးပါတယ်။ ဘယ်အ ဖွဲ့အစည်းရဲ့အဖွဲ့ဝင်ဖြစ်ဖို့မှ မလိုပါဘူး။ ပြည်သူလူထု တဦးချင်းအနေနဲ့ မတရားတာကို မတရားမှန်း သိဖို့ သိရင်မှန်တဲ့ဘက်က ရပ်တည် ရဲကြဖို့သာ အရေးကြီးတာပါ။

ပြည်သူ့သစ္စာဖောက်တွေကိုတော့ ပြည်သူလူထုနဲ့ အမှန်တရားနဲ့ ပြန်ပြီး မပူးပေါင်း မဆောင်ရွက် ကြတော့ဘူးဆိုရင် ရှင်းလင်း ဖယ်ရှား ပစ်ကြရုံသာ ရှိပါတယ်။ မြွေပွေးခါးပိုက် ပိုက် လုပ်ကြလို့ မဖြစ်ပါဘူး။ သူတို့ အကုသိုလ်နဲ့ သူတို့လို့ပဲ သဘောထား ကြရုံပါပဲ။ ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ ဆိုတဲ့ ကဗျာဆရာ သစ်ကောင်းအိမ်ရဲ့ကဗျာလေးကို သတိရ စေချင်ပါတယ်။

ကျနော်တို့မှာ ခါးသည်းနာကျည်းစရာ သင်ခန်းစာတွေအများကြီး ရှိခဲ့ပါပြီ၊ ဒီတပွဲတော့ ဖြင့် ရဲရဲရင့်ရင့် စစ်အာဏာ ရှင်တွေကို အမြစ်ဖြတ် ချေမှုန်း ပစ်ကြရအောင်ပါ။

ပြည်သူလူထုအင်အားကို ဘယ်လိုအာဏာရှင်မျိုးကမှ အံတု တားဆီးလို့မရပါ။ ယုံကြည်ပါအမှန်တရား….။ ။

စိုးနေလင်း


Ref: နေ့သစ်

0 comments:

အပေါ်သို့