..............................

Friday, December 3, 2010

တရုတ်စပိုင် မြန်မာလုပ်နိုင်ဟု လီကွမ်ယု ပြောဆိုချက် ၀ီကီလိခ် ဖွင့်ချ

Thursday, 02 December 2010

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ် ရှိသည်ဟု စင်္ကာပူ အကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း နိုင်ငံတကာ အစိုးရ အဖွဲ့များ၏ ထိပ်တန်း သတင်းများကို ဆက်တိုက် ဖွင့်ချနေသည့် ဝီကီလိခ် (WikiLeaks)က ထုတ်ဖော်လိုက်သည်။

“အာဆီယံအစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့ကြတာတွေကို နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ လာအို၊ ကမ္ဘောဒီးယား နဲ့ မြန်မာတို့ သတင်းပေးလို့ ဘေဂျင်းကို သတင်းပေါက်နေပြီ”ဟု မစ္စတာလီကွမ်ယုက ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိမ်းစ် စတိန်းဘတ် နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည် ဟု ဝီကီလိခ် က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မလက္ကာရေလက်ကြားအပေါ်တွင် မှီခိုနေရခြင်းကို စိုးရိမ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်တို့၏ မှီခိုမှုများကို လျှော့ချ သွားနိုင်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုသည်ဟု သိရှိရသည်။

ယင်းပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်သည်။

အဆိုပါပြောဆိုချက်များကို စင်္ကာပူနိုင်ငံ အမေရိကန်သံအရာရှိ မစ္စတာ ဒယ်နီယယ် အယ်လ် ရှီးလ် (Mr.Daniel L. Shields) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ထံသို့ ပြီးခဲ့သည့် ဇွန်လက ပေးပို့ခဲ့သည့် တရုတ် နှင့် မြောက်ကိုရီးယား အပေါ် လီကွမ်ယု၏ အမြင်များ ဟုအမည်ရသော ပေးပို့ချက်တွင် ပါရှိကြောင်း ဝီကီလိခ်တွင် တွေ့ရှိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောဆိုသည့် အခါတိုင်း တရုတ်နိုင်ငံ က အကာအကွယ် ပေးလေ့ရှိကြောင်း၊ တရုတ် အစိုးရသည်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် အတန်အသင့် သြဇာ ရှိကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုသည်။

မစ္စတာ လီကွမ်ယုနှင့် တရုတ် တပ်မတော် အကြီးအကဲ မစ္စတာ မာရှောက်ချန် တို့၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ယခင်က ဆွေးနွေးချက် အဟောင်းများကိုလည်း ဝီကီလိခ် က ဖော်ပြထားသည်။

မစ္စတာ လီကွမ်ယုက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပေါ် မည်ကဲ့သို့ လုပ်ဆောင် နိုင်သနည်းဟု မေးမြန်းခဲ့ရာ တရုတ် စစ် အကြီးအကဲက ၎င်း (မြောက်ကိုရီးယား) တို့သည် ၎င်းတို့ဘာသာ ရပ်တည်နိုင်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ယင်းတုံ့ပြန်ချက်အပေါ်တွင် မစ္စတာ လီကွမ်ယုက မြောက်ကိုရီးယား နိုင်ငံအား တရုတ်နိုင်ငံမှ အထောက်အပံ့များ ရပ်တန့် လိုက်ပါကလည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆက်လက် ရပ်တည်နိုင်ကြောင်း၊ မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆိုသည်မှာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် အပါအဝင် သံအရာရှိ အဖွဲ့ကို ရက်ရက်စက်စက် ဗုံးခွဲ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်မှုများကို လုပ်ဆောင်သည့် ခေါင်းဆောင်များ ဖြစ်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဝီကီလိခ် တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးခွဲမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် က ၎င်း၏ဖခင် ကင်အီလ်ဆွန်း၏ အရိုက်အရာကို မဆက်ခံမီ ကတည်းက စီမံခန့်ခွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။

ဝီကီလိခ် ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှတ်တမ်းများမှာ ၃၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းစုကို ဖတ်ရှုနိုင်ကာ ကျန်ရှိသည်များကိုလည်း မကြာမီ ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ရသည်။

ဝီကီလိခ် အင်တာနက် စာမျက်နှာအား တည်ထောင်သူ ဂျူလီယန် အာဆန်း(Julian Assange)ကို အင်တာပိုလ်(Interpol) နိုင်ငံတကာ ရဲတပ်ဖွဲ့က ဆွီဒင်နိုင်ငံမှ မုဒိမ်းမှုအတွက် အလိုအပ်ဆုံး တရားခံ အဖြစ် ဖမ်းဝရမ်း ထုတ်ပြန် လိုက်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့