..............................

Wednesday, December 1, 2010

စစ်အာဏာရှင်လှည့်ကွက်ထဲ ၀ဲဂယက်ချာလည်လည် မဖြစ်စေလိုပါ

တူမောင်ညို

၃၀ နိုဝင်ဘာ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်း ဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့် ပြန်မှုတွေဟာ ယခင်ကနဲ့ မတူပါဘူး။ မတူဘူး ဆိုလိုက်လို့ သဘောထား ပျော့ပြောင်းလာတယ် စသဖြင့် ဘာဘာညာညာ ပြောချင်တာ မဟုတ်ပါဘူး။

ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ ကိစ္စတွေကိုတောင် ကျော်လွန်သွားသလို ဖြစ်ခဲ့ရပါတယ်။ (နအဖ) စစ်အစိုးရ အတွက်တော့ ဒါတွေက အကြိုက် တွေ့နေမှာပေါ့။ ရွေးကောက်ပွဲ မသမာမှုတွေကို တရားစွဲဖို့ ဆိုတာကလည်း ငွေချည်း ၁၀ သိန်း တင်ရမယ် မဟုတ်လား။

(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ ဆိုရတာလည်း (နအဖ) စစ်အစိုးရ အဖို့ ယခင်ကလို အခြေ အနေ မဟုတ်တော့ တာလည်းပါတယ်။ အဓိက အချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလို သတင်းစာကနေ ဆောင်းပါးရေးပြီး မိုက်တိမိုက်ကန်း တုန့်ပြန်လို့ ဖြစ်တာ မဟုတ်တော့ဘူး။ “အောင်မိုးစံ” တို့ကို ရေးခိုင်းလို့လည်း ရတော့တာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီ ထောင်ထားတယ်။

ဒီတော့အခြားနည်းတွေသုံးလာရတယ်။

လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရ က မနာလို မရှုဆိတ်ပါဘူး။ ဒီတော့ ထုံးစံအတိုင်း ဉာဏ်နီ ဉာဏ်နက်တွေ လက်ကုန် ထုတ်သုံးလာပါတယ်။

ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ် တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော် တရားရုံးချုပ်ကနေ “ပယ်ချ”လိုက်တာပါပဲ။

နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်း ဖေါ်ပြလို့ ဆိုပြီး ရက်သတ္တပတ် ကန့်သတ် ပိတ်ပင်တဲ့ ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း “ ဖျက်သိမ်းပြီး NLD” လို့ သုံးရမယ် လို့ သံပတ် တင်းလိုက်ပါတယ်။

ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ် ဆိုတာကလည်း ကျောသားရင်သား မခွဲခြားဘူး ဆိုတဲ့ ဆင်ခြေ ပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်”ဆိုတာ အလံရှူးဂျာနယ်မှန်း လူတိုင်း သိပါတယ်။

နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်။

ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရား ကနေ (မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာ ရေးဆိုင်ရာ တာဝန် ရှိသူတွေ/ ရပ်ကွက် လူထုတွေနဲ့ လှည့်ပြီး ရန်တိုက် ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မှတ်ပုံ တင်ရမယ်/ ဆေးရုံ ဆိုရင်လည်း စံသတ်မှတ် ချက်များနဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရ ဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ သူတို့ ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာ ဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချ တုန့်ပြန်တာပါ။

နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့် (ကြေးမုံအွန်လိုင်းသတင်းစာ) မှာတော့ ဒေါ်အောင်ဆန်း စုကြည် ကို ရိုင်းစိုင်းစွာ ပုတ်ခတ် ဆဲရေး ထားတာတွေကို နေ့စဉ် ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။

နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေကို အာရုံ လွှဲပြောင်းနိုင်ဖို့အတွက် “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ် ဗွီဒီယိုအပိုင်း” ကို (facebook) ကနေတဆင့် ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲ ခဲကျသလို ဂယက်တွေ ပြန့်သွားပါတယ်။ ထင်မြင် ယူဆချက်တွေ ဘောင်ဘင်ခတ်သွား ပါတယ်။

ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်း သလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်း ရှိပါတယ်။ စိတ်မကောင်း ဖြစ်နေသူတွေ၊ သံဝေဂ ရနေသူတွေကို ပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့ အဖမ်းခံရ သူတွေ ထောင်ထဲမှာ အခုချိန် ထိ အများအပြား ရှိနေ ပါသေးတယ်။

ထောင်ထဲမှာ သေရတဲ့/ ရူးသွပ်သွားရတဲ့/ ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရ သူတွေရဲ့ မိသားစုတွေ ဘယ်လို ဘဝပျက်သွားတယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဒီနေရာမှာ သံဝေဂထက် စာနာမှုက ပိုအရေးကြီးပါတယ်။

ဗိုလ်ခင်ညွန့်ရဲ့ အဝေးရောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီးတွေက တွေ့ဖို့ နေရာ ပြောင်းတာ ဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက် ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့ သူတို့ဆရာကို အသားလွတ် ချီးမွန်းခန်း ဖွင့်တာပါ။

“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ ပြောပါဆိုပြီး ” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကို တစ်ပတ် ရိုက်ခဲ့တာ ဗိုလ်ခင်ညွန့်ပဲ မဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲ ညီညီ ရိုက်ခဲ့ကြတဲ့ အကွက်တွေ မဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ခင်ညွန့် ပူးပေါင်းဆောင်ရွက်လိုက်ရင် အောင်မြင်မှာပါတဲ့။

ဖိတ်သွားတဲ့နို့ကို ပြန်လည် တမ်းတနေတာ။

အဆုံးအဖြတ်အာဏာကို ဘယ်သူကိုင်ထားတယ် / ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိ ဝေဝါး နေကြဦးမှာလား။

ဘယ်သူက ဗိုလ်ခင်ညွန့်ကိုဆိုင်းငံ့ထောင်ဒဏ်၏ ၄၄ နှစ်အပြစ်ပေးပြီး ဖယ်ရှား လိုက်တာလဲ။ အခုလိုအချိန်မှာ “တိုင်းရင်းသား အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့်ကို ဘယ်သူက ပွဲထုတ် ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုး လုပ်ခွင့် ပေးမှာလဲ ဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေ တို့ရဲ့ မိုးသည်းည အသံတိတ် ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေး အဖွဲ့ရိုက်ပြီး၊ သူတို့ကပဲ တဆင့် ဖွပေးလိုက်တာပဲ ဖြစ်ပါတယ်။

အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေ ပြောနေ ဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက် မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ။

(နအဖ) စစ်အစိုးရထံကနေ နောက်ထပ် တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော် ယူဆတယ်။

(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်း ဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က သပ်သပ်၊ “ဖျက်သိမ်း ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြ ထားတာပဲဖြစ်ပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့