..............................

Tuesday, September 28, 2010

မဲမထည့်ရင် အရေးယူမည်ဟု ကြံ့ဖွံ့နှင့် အသွင်ပြောင်းခေါင်းဆောင်များ ပြော

ခိုင်လင်း / ၂၇ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်း အဖွဲ့ ခေါင်းဆောင်များက ဒေသခံ လူထုအား ၎င်းတို့ကိုသာ မဲထည့်ကြရန် ခြိမ်းခြောက် စည်းရုံးလျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ခါတွပ်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် ဦးနော်ယော် ဦးဆောင်ကာ ဒေသအတွင်းရှိ ကျေးရွာ လူထုအား မဲထည့်ရန် ပြောဆိုပြီး (၁၈) နှစ်အထက် မဲပေးနိုင်သူများ စာရင်း ကောက်နေသကဲ့သို့ မဲမထည့်ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ပြောဆိုနေသည်ဟု ဆွမ်ပရာဘွမ် ဒေသခံတဦးက ပြောသည်။

၎င်းက “သူက အရင်က ကြံ့ဖွံ့အတွင်းရေးမှူးလည်း ဟုတ်တယ်၊ မဲထည့်ရမယ်ဆိုပြီး ပြောဆိုနေတာက ဆွမ်ပရာဘွမ်မှာ ကြံ့ဖွံ့ပါတီ တခုတည်းပဲ ရှိတာ။ ဒါကြောင့် ထည့်ခိုင်းနေတာ။ မဲမထည့်ဘူးဆိုရင် နိုင်ငံတော်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဖျက်ဆီးတာဖြစ်လို့ အရေးယူ ခံရမယ်ဆိုပြီး ပြောနေတယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းခဲ့သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၏ ဥက္ကဋ္ဌ ဦးဆခုန်တိန့်ယိန်းကလည်း စက်တင်ဘာ (၁၅) ရက်နေ့စွဲဖြင့် ကချင်ပြည် အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေး ကောင်စီ ထုတ်ပြန် ကြေညာချက်ဟု ခေါင်းစဉ် တပ်ထားသည့် ကြေညာချက် ထုတ်ပြန်ကာ ကြံ့ဖွံ့ပါတီ မဲထည့်ရေး လှုံ့ဆော်ခဲ့သည်ဟု အဆိုပါစာကို ဖတ်ခဲ့ရသူ တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။

၎င်းက “ကြေညာချက်အဓိကတော့ နိုင်ငံတော်ကို ဦးဆောင်သွားမယ့် ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမှာ ပြည်သူလူထုက မဲပေးဖို့ပေါ့။ ပြည်ခိုင်ဖြိုးနဲ့ သူ့ရဲ့မဟာမိတ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေးသွားဖို့ ပြောတာ။ နောက်တခုကတော့ မဲမပေးဖို့ လှုံ့ဆော်နေတဲ့ ခရစ်ယာန် ဘာသာရေးဆရာ၊ တရားဟော ဆရာတွေကို ဖော်ထုတ် ဖမ်းဆီး အရေးယူမယ် ဆိုပြီး ရေးထားသေးတယ်” ဟု ပြောသည်။

ဦးဆခုန်တိန့်ယိန်းသည် ချီဗွေ၊ ဆော့်လော်နှင့်အင်ဂျန်းယန်မြို့နယ်များကို ကိုယ်စားပြုသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်နှင့် ယှဉ်ပြိုင် အရွေးခံရန် ရှိနေသည်။ ကျန်သည့် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာများတွင် ကြံ့ဖွံ့ပါတီနှင့် သူ၏မဟာမိတ်ဖြစ်သော ညီညွတ်သောဒီမိုကရေစီပါတီ( ကချင်ပြည်နယ်) နှင့် တစညတို့ ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ပြီး ယခုအခါ ပြည်သူ့စစ်အသွင် ပြောင်းထားသည့် ဝိုင်းမော်မြို့နယ် ဂွေထူနှင့် လဝါးယန်ကျေးရွာ အခြေစိုက် ဌာနေ ပြည်သူ့စစ် အဖွဲ့ နာယကဖြစ်သူ ဦးလဆန်အောင်ဝါလည်း ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလက ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံရန် ရှိနေပြီး ဝိုင်းမော်မြို့နယ် ကျေးရွာများတွင် အလားတူ စည်းရုံးမှု ရှိနေသည်ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အသွင်ပြောင်း လက်နက်ကိုင်ခေါင်းဆောင်များက ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရန် ရှိနေသော်လည်း ကေအိုင်အိုမှ နုတ်ထွက် ထားခဲ့သည့် ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာ၏ ကချင်ပြည် တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုးတက်ရေး ပါတီတို့မှာ ပါတီထူထောင်ခွင့် မရရှိသကဲ့သို့ တသီးပုဂ္ဂလ ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံမှု အပေါ်လည်း ပယ်ချခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့