..............................

Friday, October 1, 2010

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားမည်

သန်းထိုက်ဦး
Thursday, September 30, 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာပြည်သို့ ၁ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ အဖိဆစ်၏ ခရီးစဉ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို မေးမြန်းမည် ဖြစ်ကြောင်း၊ အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် တိုင်းရင်းသားများ အရေးကိုလည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် အင်တာနက် သတင်းစာ မျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးရဘက်က ကာလကြာရှည်စွာ ပိတ်ထားခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး အတွက်လည်း မစ္စတာ အဖိဆစ်က စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထိုင်းအစိုးရက ငွေမတည် စိုက်ထုတ် ပေးထားသော လမ်းဖောက်လုပ်ရေး စီမံချက် အပါအဝင် လမ်းပန်း ဆက်သွယ်ရေးနှင့် လမ်းတံတား ဆောက်လုပ်ရေး များကိုလည်း ဆွေးနွေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကို ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ်က “ထိုင်းအစိုးရ အနေနဲ့ မြန်မာအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြုခြင်းနဲ့ မြန်မာနိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေး မှုဝါဒကို လေ့လာချင်တယ်။ ကျနော်တို့ အနေနဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းတွေ အတွက် ဘယ်လို ကဏ္ဍတွေက အကျိုးစီးပွား ဖြစ်မလဲ ဆိုတာရယ် စီးပွားရေး မျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ် မဖြစ် ဆိုတာတွေကို လေ့လာဖို့ စိတ်ဝင်စားပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သော တပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တခု၌ မစ္စတာ အဖိဆစ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သည် ယခုထက် ပိုမို၍ အားလုံး ပါဝင်နိုင်သော နိုင်ငံရေး စနစ်တခု ဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် ပြုသင့်သည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ် ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ခရီးစဉ် အချိန်ဇယား ဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

အလားတူပင် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ခဲ့ရဖူးသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု မရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သတင်းများအရ သိရသည်။

ထိုင်းသတင်း ဖော်ပြချက်များအရ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိသည်ဟု ဆိုသည်။

မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့