..............................

Tuesday, September 28, 2010

တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် (၄) ဦး ယှဉ်ပြိုင်မည်

အောင်ထက်
၂၇ စက်တင်ဘာ ၂၀၁၀

လာမည့် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု လွှတ်တော် (၃) ရပ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်လောင်း (၄) ဦး ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မြို့တော်ဝန် ဦးအောင်သိန်းလင်း ပါဝင် အရွေးခံမည် ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်အတွက် ဦးအောင်ကျော်မိုး၊ ဦးမျိုးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ ဒေါက်တာ မောင်သင်း ဖြစ်သည်ဟု ယနေ့နံနက်က ရပ်ကွက်များအတွင်း အိမ်ပေါက်စေ့ လိုက်လံ ဖြန့်ဝေသော လက်ကမ်း စာစောင်အရ သိရသည်။

တောင်ဥက္ကလာပမြို့ခံ ပြည်သူတဦးက “အခြားပါတီတွေက ရွေးကောက်ပွဲဝင်နိုင်ဖို့ မနည်း တောင့်ခံနေရတယ်။ ပြည်သူ့ ဘဏ္ဍာတွေနဲ့ ရပ်တည်နေတဲ့ ပြည်ခိုင်ဖြိုးက သူဌေးပါတီပဲ။ လက်ကမ်း စာစောင်ကို ကာလာ (၄) ရောင်၊ သုံးခေါက်ချိုး၊ ၀ူဖရီ စက္ကူအသန့်နဲ့ ရိုက်ထားတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ရန်ကုန်တိုင်း) က ထုတ်ဝေခွင့်အမှတ် နသ - ၀၁၂ ဖြင့် စောင်ရေ သိန်း (၂၀) အခမဲ့ ဖြန့်ဝေသည်လို့ ဖော်ပြထားတယ်” ဟု ဆိုသည်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရမည်။ ပြည်သူ့ဘ၀ ဖွံ့ဖြိုးတိုးတက်စေရမည်။ လွတ်လပ်၍ တရားမျှတ စေရမည်။ ပြည်ခိုင်ဖြိုးက အာမခံသည်ဟု အဆိုပါ လက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ဆောင်ပုဒ်မှာ “ပြည်သူ့ဘ၀ တိုးတက်စေရေးအတွက် ခြင်္သေ့ တံဆိပ်ဘေးက ကွက်လပ်မှာ အမှန် ( ) ပေးကြစို့” ဟု ပါရှိသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ယခင်က တွံတေးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးခံမည်ဟု သတင်းများ ထွက်ပေါ် နေခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ (၇) ရက်နေ့က မဲဆွယ်စည်းရုံးရေး ခရီးစဉ် ပျက်ခဲ့ရသည်ဟု ပြည်ခိုင်ဖြိုး (ဗဟို) အသိုင်းအ၀ိုင်းမှ သိရသည်။

ယခုမူ မည်သည့်အကြောင်းပြချက်ဟု မသိရဘဲ ၎င်း၏ ဇာတိဖြစ်သည့် တောင်ဥက္ကလာပ မြို့နယ်အတွင်း ပြန်လည် အရွေးခံခွင့် ရခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုး (ဗဟို) ၏ ဆုံးဖြတ်မှုအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့သည် ၎င်းတို့၏ ဇာတိ မွေးရပ်မြေ များ၌ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ကြဟု သိရသည်။

“သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်ဆို ကျောက်ပန်းတောင်း၊ ရေစကြို မြို့နယ်သား၊ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် သုံးခွမြို့နယ်ကနေ ၀င်ရောက် အရွေးခံမယ်။ သာသနာရေး ဒုတိယ၀န်ကြီး သူရအောင်ကို ဆိုလည်း ကျောက်ပန်းတောင်း ဇာတိ။ အရွေးခံမှာကျ ချင်းပြည်နယ် ဖြစ်သွားတယ်” ဟု နေပြည်တော် သာသနာရေး ၀န်ကြီးရုံး ၀န်ထမ်းတဦးက ပြောကြားသည်။

လွှတ်တော် အသီးသီးအတွက် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးပါတီနှင့်အပြိုင် ၀င်ရောက် အရွေးခံမည့် ပါတီနှင့် ကိုယ်စားလှယ် လောင်းများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ တသီးပုဂ္ဂလများနှင့် စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦးခန့် ၀င်ရောက် အရွေးခံကြမည် ဖြစ်သည်။ လွှတ်တော် (၃) ရပ်လုံးတွင် ပြည်ခိုင်ဖြိုး၊ တစည ကိုယ်စားလှယ်လောင်းများ ပါဝင် အရွေးခံကြမည်ဟု မြို့ခံတို့က ဆိုသည်။

“ရွေးကောက်ပွဲ နီးလာလို့ မဖြစ်မနေ မဲပေးရမယ်ဆိုပြီး ဖိအားပေး အကြပ်ကိုင်လာရင်တော့ မပြောတတ်ဘူး။ ခုထိတော့ ရွေးကောက်ပွဲ အပေါ် ဘယ်သူမှ စိတ်မ၀င် စားကြဘူး။ ဒီထက် ဆိုးတာက ဒေသခံ အတော်များများ ဘယ်လို မဲထည့်ရမယ် ဆိုတာ မသိကြဘူး” ဟု မြို့ပေါ်ရပ်ကွက် ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့