..............................

Tuesday, September 28, 2010

တောင်ဖြိုတဲ့အဘိုးအိုများ

မောင်ဝံသ
27 Sep 2010

မကြာသေးခင်က နိုင်ငံရေးပါတီတွေ ထောင်တာတို့၊ ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း ပေးသွင်းတာတို့ စသည်ဖြင့် လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာကြလေတော့ သာမန် ပြည်သူတွေလည်း နည်းနည်းတော့ ခေါင်းထောင်ကြည့် ကြသလို တွေ့ရတယ်ဗျ။

တကယ်တော့ နိုင်ငံရေးသမားဆိုတဲ့ အသုံးအနှုန်းအခေါ်အဝေါ်သည်ပင် မကြားရတာ အတော်ကြာခဲ့ပြီး ဒီဘက်ခေတ် ကျမှ ပြန်ကြားရတာပါ။

နိုင်ငံရေးသမားဆိုတာကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်နာမည်ဖျက်သူတွေက ဖျက်ခဲ့ကြလေတော့ အများ ပြည်သူတွေရဲ့ သာမန် အသိထဲမှာ နိုင်ငံရေး သမားဆိုတာ အခွင့်အရေး သမားတွေ အာဏာရူးသူတွေလို့ အစွဲအလမ်းကြီးနဲ့မြင်နေ ကြတာလည်း ကြာပြီ။

သည်နေရာမှာ နှစ်ပိုင်းတော့ရှိရဲ့။

အာဏာရနိုင်ငံရေး သမားတွေကို လူတွေမြင်ပုံက ရွံကြောက်စရာ သတ္တ၀ါတွေ လို့မြင်တယ်။ ရွံလည်းရွံ တယ်။ ကြောက်လည်း ကြောက်တယ်။ ရွံတယ်၊ ကြောက်တယ် ဆိုပေမယ့်လည်း ပြည်သူတွေရဲ့ အထာက ဆန်းကြယ်သားကလားဗျာ။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲလို တကယ် ရေထဲမိုးထဲ မဲပေးရပြီ ဆိုတော့ “လူတည်မြဲ မဲ သန့်ရှင်း” လုပ်ပစ် လိုက်ကြတာလည်း ပြည်သူလူထုရဲ့ အထာ အစစ်ပဲဗျ။

မြန်မာနိုင်ငံမှာ ကျင်းပပြီးသမျှလွတ်လပ်ရေးခေတ် ရွေးကောက်ပွဲတွေကိုလေ့လာရင်-
၁၉၄၇ခု တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ အမတ်လောင်း တွေက တစ်ခဲနက် အနိုင်ရခဲ့တယ်။ (ခေါင်းဆောင်ပေါ် ယုံကြည်ကိုးစားမှုနဲ့ မဲပေး ခဲ့ကြတာဖြစ်တယ်)

၁၉၅၂ခု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ဖဆပလ တွေပဲအနိုင်ရခဲ့တယ်။ (ဖဆပလ အရှိန်အ၀ါ ကျန်နေသေးချိန်၊ အတိုက်အခံအင်အား အလွန်နည်းနေသေးချိန်ဖြစ်လို့ ဖဆပလ ကပဲ အများစု မဲနဲ့နိုင်ခဲ့တယ်)

၁၉၅၆ခု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာလည်း ဖဆပလတွေပဲ နိုင်ခဲ့ပေမယ့် အင်အားကောင်း လာတဲ့အတိုက်အခံ ပမညတ ကအမတ်နေရာ ၄၆ နေရာရသည်အထိ ခြိမ်းခြောက်နိုင်ခဲ့တယ်။ (ပမညတအား ကောင်းလာတာကို ဖြုန်သွားရာက ဖဆပလ နှစ်ခြမ်းကွဲသည်အထိ စိတ်ဝမ်းကွဲကုန်တယ်)

၁၉၆၀ ပြည့်နှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျတော့ အထက်မှာပြောခဲ့သလိုပဲ ပြည်သူ လူထုက မိမိတို့အပေါ် အနိုင်ကျင့်သူတွေကို ကောင်းကောင်းကြီး ပြန်လည် ဆုံးမလိုက်ကြ တာပဲဗျ။

၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ တစ်ပါတီစနစ် အောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဆိုတာ တွေကိုတော့ ထည့်ပြော မနေတော့ပါဘူး။ အားလုံးသိတော်မူကြတဲ့ အတိုင်းပါပဲဗျာ။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ရ ရှင်ငယ် ၀မ်းလည်း ၀င်ခဲ့ရ ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဘ၀ကြမ္မာ အစစ်ပါပဲဗျ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကျတော့-
(၁) တစ်ပါတီစနစ် နိဌိတံသွားခြင်း။ (၂) ပါတီစုံဒီမိုကရေစီ တစ်ကျော့ပြန်လာခြင်းနင့် (၃) နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ပေါ်ထွန်းလာခြင်းတို့ဖြစ်တယ်။

ဘယ်ကိစ္စမဆို ပထမခြေလှမ်း တစ်လှမ်းစလိုက်ဖို့ပဲလိုတယ်။ တစ်လှမ်းလှမ်းပြီးရင်တော့ ကလေးလေး တွေတောင် ယိုင်တိယိုင်တိုင်နဲ့ ရှေ့ကို ဆက်လက်ပြီး လျှောက်လှမ်း သွားကြသေးတာပဲ။ ၁၉၉၀ မှာ နိုင်ငံရေးပါတီ တွေရှိခဲ့တယ်။ ရွေးကောက်ပွဲ ဆိုတာ ရှိခဲ့တယ်။ ဒါတွေဟာ ယိုင်တိယိုင်တိုင် ပထမ ခြေလှမ်း တွေပဲပေါ့။

နိုင်ငံရေးဟာ သေသွားတယ်မရှိပါဘူး။ အနှစ် ၂၀ ကြာပြီးတဲ့အခါ အခုတစ်ဖန် နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားနဲ့ ရွေးကောက်ပွဲ စတာတွေကို ကျွန်တော်တို့ မျက်မှောက် ပြုလာရ ပြန်တယ်။ သတင်း ဂျာနယ်တွေထဲမှာ နိုင်ငံရေး သမားများရဲ့ ရှင်းလင်း ပြောကြားချက်တွေ၊ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ရှုမြင်သုံးသပ် ချက်တွေကို ဖတ်ရတယ်။ ချာတူးလန် တချို့ရဲ့ စကားတွေကို စိတ်ပျက်စရာ တွေ့ရသလို အမြော်အမြင်ကြီးမား သူတွေရဲ့ တန်းဖိုးရှိတဲ့ စကားတွေကိုလည်း လေးစားစရာ တွေ့ရတယ်ဗျာ။

ဒါဟာ တကယ်လည်းသဘာဝကျတယ်ဗျ။ နိုင်ငံရေးသမားအားလုံးဟာ လူချွန်လူမွန် တွေချည်းပဲတော့ ဘယ်ဖြစ် နိုင်ပါ့မလဲ။ ကျောင်းဆရာတိုင်း အသင်အပြကောင်း ရမယ်လို့ မပြော နိုင်သလို၊ ဆရာဝန်တိုင်း အကုအသ ကောင်းရမယ်လို့ မပြောနိုင်သလို၊ ရှေ့နေတိုင်း အလျှောက်အလဲ ကောင်းရမယ်လို့ မပြောနိုင်သလို နိုင်ငံရေးသ မားတိုင်းလည်း အတွေးအခေါ် ကောင်းရမယ်လို့ ဘယ်ပြော နိုင်ပါ့မလဲဗျာ။
သို့ပေမယ့် အဘက်ဘက်က မပြည့်စုံ တဲ့ ကြာကနေ ဇွဲနပဲကြီးစွာဖြင့် ယုံကြည်ချက်အရ နိုင်ငံရေးသမား ၀င်လုပ်နေသူ တွေကိုတော့ ကျွန်တော်တို့က အလေးပြုချင် တယ်ဗျ။

ယုံကြည်ချက်နိုင်ငံရေးသမားတွေဟာ တောတိုး လမ်းဖောက် သူတွေဖြစ်တယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ တို့ဗမာ သီချင်းထဲက “နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ” ဆိုတဲ့ စာသားကို သတိရမိတယ်။
သူတို့ရဲ့ စေတနာဟာ အလဟဿ တော့ မဖြစ်တန် ကောင်းပါဘူး။ စေတနာ မှန်သော ကံတရားဆိုတဲ့ စကားလည်း အရှိသားပဲ မဟုတ်လားဗျာ။

မော်စီတုန်းရဲ့ နာမည်ကျော်လက်ရွေးစဉ် ဆောင်းပါး သုံးပုဒ်ထဲက “တောင်ဖြိုတဲ့ အဘိုးအိုမိုက်” ဆောင်းပါးကို သတိရတယ်။ အဘိုးအို ယွိကုံးဟာ သူတို့လယ်မြေကို အနှောက် အယှက် ဖြစ်နေတဲ့ တောင်ကြီး တစ်တောင် ကို တူရွင်းတစ်လက်နဲ့ နေ့တိုင်း ပေါက်ပြီး ဖြိုဖို့ ကြိုးစားနေသတဲ့။
သူအကြံကို လူတိုင်းက ဟားတိုက် ကြပေမဲ့ အဘိုးအိုက ဇွဲနပဲ ကြီးစွာနဲ့ ဆက်ဖြို နေတာပဲတဲ့။
နောက်ဆုံးတော့ နတ်သိကြားတွေက အဘိုးအိုကို ၀ိုင်းကူဖြိုပေးလို့ တောင်ကြီး ပြိုသွားရောတဲ့။
မော်စီတုန်းက နိဂုံးချုပ်ပေးရာမှာ နတ်သိကြားတွေ ဆိုတာ ပြည်သူတွေပဲတဲ့။ ဇွဲကြီးတဲ့ အဘိုးအိုရဲ့ စစ်မှန်တဲ့ လုပ်ရပ်ကို သဘောပေါက် လာတဲ့အခါ ပြည်သူတွေက သူ့ကို အားပေး ထောက်ခံခြင်းဖြင့် တောင်ကြီး ပြိုသွားတာပါပဲလို့ ဆိုတယ်ဗျ။

ကျွန်တော်ကလည်း ယခုနေ ဇွဲနပဲကြီးစွာနဲ့ ယုံကြည်ချက် နိုင်ငံရေး လုပ်နေသူတွေကို “တောင်ဖြိုတဲ့ အဘိုးအိုများ” လို့ တင်စား ခေါ်ဝေါ် လိုက်ချင် ပါတယ်ဗျ။ ……………………..


မောင်ဝံသ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ် (၁၁)
၂၇ စက်တင်ဘာ ၂၀၁၀


Ref: ဟစ်တိုင်

0 comments:

အပေါ်သို့