..............................

Sunday, September 26, 2010

နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်

ကိုဝိုင်း
စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့် ပေးထားကြောင်း မွန်စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ကောင်းရွတ် (ငြိမ်း)က ပြောသည်။

အပစ်ရပ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ သုံးရက်ကြာ အစည်းအဝေးအပြီး ပစ်မိန့် ထုတ်ခဲ့သည်။

“သတ်မှတ်ထားတဲ့ အခြေချ ဧရိယာ ၅ မိုင် ပတ်လည်ထဲကို အကြောင်းမကြားပဲ ဝင်လာရင်တော့ ပစ်လို့ အမိန့် ပေးထားတယ်” ဟု ဗိုလ်မှူးကြီး ကောင်းရွတ်က ဆိုသည်။

“လက်ဦးမှု ယူတဲ့သဘောနဲ့ အထက်ကို ပြန်မမေးနဲ့၊ သတင်းမပေးပဲ ဝင်လာရင် ကိုယ့်ကို ရန်ရှာတဲ့ သဘောဆိုတော့ ပစ်မိန့်ပေးတဲ့ သဘောပါ” ဟုလည်း ဆိုသည်။

အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ်က မွန်ပြည်နယ် ဂျိုင်းမြစ်ဘေး ကော့ဘိန်းရွာအနီးမှ မင်းရွာ၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အင်းခွရွာ၊ ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီး ပင်းချောင်းဖျားရွာ စသည့် အခြေချ ဧရိယာ ၁၄ နေရာခန့် သတ်မှတ်ခဲ့သည်။ ယင်းရွာများအနီး ၅ မိုင် ပတ်လည်ကို မွန်ပြည်သစ် အပိုင်အဖြစ် ယေဘုယျ နယ်စပ် သတ်မှတ်ထားသည်။

အင်အား ၇,ဝဝဝ ကျော်ရှိ မွန်ပြည်သစ်ပါတီနှင့် ၁၉၉၅ တွင် အပစ်ရပ်စဲရေးဆွေးနွေးစဉ်က မပါသည့် နယ်ခြား စောင့်တပ်၊ ဌာနေ ပြည်သူ့စစ် အဖြစ် ပြောင်းလဲရန် စစ်အစိုးရ အဆင့်ဆင့် ဖိအားပေးမှုကို အာခံသဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် သက်နိုင်ဝင်းက လက်နက်မစွန့်လျှင် သောင်းကျန်းသူ အဖြစ် သတ်မှတ်မည်ဟု ယခုလဆန်းက ခြိမ်းခြောက်ခဲ့သည်။

မွန်ပြည်သစ်က နအဖ၏ ဖိအားပေးမှုများကို တခုမှလက်မခံပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းလိုပြီး နောင် တက်လာမည့် အစိုးရနှင့် ဆက်စကားပြောသွားမည်ဟု တုံ့ပြန်ထားသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လက်မခံပေ။

ယင်းနောက်ပိုင်း စစ်အစိုးရဘက်မှ မွန်ပြည်သစ်ဘက်က ခရီးသွားလိုလျင် အကြောင်းကြားရမည် ဟု တင်းကျပ် လာသောကြောင့် စစ်ရေး သံသယဖြင့် ယခုကဲ့သို့ ပစ်မိန့်ပေးရကြောင်း အငြိမ်းစား မွန်ဗိုလ်မှူးကြီးက ပြောသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးများ၌ ခရိုင် ကော်မတီဝင်နှင့် ရုံးအကူ အချို့သာရှိပြီး ကျန်ရုံး အဖွဲ့သားများကို “ပြန်ရုပ်” ထားပြီး ဖြစ်သည်။

မွန်ပြည်သစ် နယ်မြေတွင် ‘ရေး’ အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၁ဝ ရင်း၊ သထုံ အခြေစိုက် အမြောက်တပ်မ ၆ဝ၆ လက်အောက်ခံတပ်ရင်း ၅ ရင်းရှိသော်လည်း ထူးခြားသည့် လှုပ်ရှားမှု မရှိသေးဟု သိရသည်။

စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို ၂ဝဝ၈ ဧပြီမှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအား ပေးခဲ့သော်လည်း အပစ်ရပ် ၁၇ ဖွဲ့မှ ကချင်ပြည်နယ် အထူးဒေသ (၁)-NDAK၊ ကယားပြည်နယ် အထူးဒေသ (၁)-ကလလတ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁)- ကိုးကန့် ကဲ့သို့ အဖွဲ့ငယ်များသာ ပြောင်းသွားခဲ့သည်။

KNU ခွဲထွက် DKBA မကြာမီက အသွင်ပြောင်းသွားသော်လည်း အင်အားကောင်းသည့် ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မွန်ပြည်သစ် ပါတီတို့ကို မပြောင်းလဲ နိုင်သေးပေ။

နအဖက KIO အဖွဲ့ဝင်များ ခရီးသွားလိုလျှင် ခွင့်ပြုချက် ကြိုတင်ယူရမည်ဟု ကန့်သတ်လိုက်သကဲ့သို့ KIO ကလည်း နအဖတပ်များ ၎င်းတို့ နယ်မြေတွင်း ကြိုတင် အကြောင်းမကြားပဲ ဖြတ်ပါက ပစ်ခတ်ရန် အမိန့်ပေးထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့