..............................

Monday, September 27, 2010

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

မင်းထက်အောင်၊ ကောင်းဝါ

တော်သလင်းလဆုတ် ၃ရက်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၆)။ ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့် ဝိုင်းရံခဲ့သော ဒီကေဘီအေ ဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင်(၂၀) ယောက် တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသော သတင်း ရပ်ကွက်များမှ သိရသည်။

“ဥပဒေနှင့်အညီသိမ်းဆည်းထားတဲ့မော်တော်ယာဉ်တွေကို လက်နက်များဖြင့် ချိန်ရွယ် လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း စတဲ့ ပုဒ်မတွေနဲ့ အမှု ဖွင့်လိုက်တယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီ ရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ရဲအုပ် စခန်းမှူး အောင်မျိုးလွင် စစ်ဆေး ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။

သို့ရာတွင် ဗိုလ်စောကျော်သက်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အသနားခံစာ တင်ခဲ့သော်လည်း တိုင်းမှူးမှ လက်မခံဟု သိရသည်။

“ဒီကိစ္စမှာပါတဲ့ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်၊ ကားတွေကိုလည်း ပြန်မပေးတော့ဘူး၊ နောက်အခါ ဒီလို ပြဿနာမျိုး ထပ်ဖြစ်ရင် ပစ်မိန့်ရထားပြီ”လည်း မြဝတီ အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့(၁၂) တပ်ရင်း တပ်အသွင်ပြောင်းလဲခဲ့ပြီးသော်လည်း လက်ကျန်ဒီကေဘီအေ တပ်ဖွဲ့ဝင် အများအပြား ကျန်ရှိ နေသေးသဖြင့် ၄င်းတပ်ဖွဲ့များ ရပ်တည်ရေးအတွက် ဘဏ္ဍာငွေများ လိုအပ်နေသည်ဟု သိရသည်။

ဒီကေဘီအေရပ်တည်ရေးအတွက် ရံပုံငွေများရှာဖွေရေးလုပ်ငန်းတွင် ထိုင်းနယ်စပ်မှဇိမ်ခံကားများအား အာဏာပိုင် များနှင့် နားလည်မှု ရယူကာ ပြည်တွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၂၁)ရက်နေ့ ညနေပိုင်းတွင် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့သို့ ဗိုလ်စောကျော်သက် ဦးဆောင်အဖွဲ့မှ လက်နက် မျိုးစုံ ကိုင်ဆောင်ကာ ၄င်းရက်ပိုင်းအတွင်း သိမ်းဆည်းထားသော ဒီကေဘီအေ မော်တော်ယာဉ်များ ပြန်လည် တောင်းယူရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗိုလ်စောကျော်သက်အဖွဲ့လှုပ်ရှားမှုအား စစ်အစိုးရတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။ ထို့အပြင် မြဝတီမြို့ပေါ်ရှိ မြင့်မားသော တိုက်တာ အဆောက်အဦးများပေါ်တွင်လည်း စစ်အစိုးရတပ်ဖွဲ့များ နေရာယူထား မျက်မြင် တွေ့ရှိသူများ ဆက်သွယ် ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်လတွင် ကရင်နယ်ခြားစောင့်တပ်များဖွဲ့စည်းအပြီး စစ်အစိုးရနှင့် ဒီကေဘီအေ အကြား ပထမဆုံး အကြိမ် ဖြစ်ပေါ်ခဲ့သော တင်းမာမှုကြီး ဖြစ်သည်။

နောက်ဆုံးဝင်ရောက်လာသောသတင်းအရဆိုပါ ဗိုလ်စောကျော်သက်အဖွဲ့သည် ၎င်းစခန်းမှ ယနေ့ နံနက်ပိုင်းတွင် အခြား တနေရာသို့ တိမ်းရှောင်သွားသည်ဟုသိရသည်။

Ref: ကောင်းဝါ

0 comments:

အပေါ်သို့