..............................

Thursday, September 30, 2010

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသော စစ်ကြောင်း အပစ်ခတ်ခံရ

မင်းထက်အောင်၊ ကောင်းဝါ

တော်သလင်းလဆုတ် ၆ရက်။ စက်တင်ဘာ ၂၉၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၉)။ ။ ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူ နယ်စပ်သို့ တက်လာသော စစ်ကြောင်း တပ်ရင်း နှစ်ရင်းအား ယနေ့ နံနက်ပိုင်း၌ မိမိတို့ ပြောက်ကျား ပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။

“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ ပစ်ခတ်တာ ကတော့ သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။

ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့သည်ဟု သိရသည်။

တဖန် ဗိုလ်ကြီးစောထဲနေက “ အဲဒီကနေနှစ်မိုင်လောက်ဝေးတဲ့ နေရာမှာလည်း မနက်(၁၁) နာရီမှာ လက်နက်ကြီး သံတွေ ငါးမိနစ်လောက် ထပ်ကြားရ ပြန်တယ်၊ ဒါပေမယ့် ကျနော်တို့ အဖွဲ့တော့ အဲဒီမှာ မရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက အဆိုပါ သေနတ်သံများ ကြားရသော်လည်း မွန်ပြည်သစ် တပ်ဖွဲ့များနှင့် ပစ်ခတ်မှု မရှိခဲ့ဟု ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

ထို့အတူ ယခုလ(၂၄)ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းအား လေးဖိုးရွာအနီးတွင် KNU မှခြောင်းမြောင်း ပစ်ခတ် ခဲ့ရာ နအဖ ဖက်မှ တစ်ဦးထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မဟာ(၆)မှ ပြောသည်။

ထိုသို့အပစ်ခတ်ခံရပြီးနောက် ၄င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင်မလာတော့ဘဲ တောင်ကြောများ ပေါ်မှ တဆင့် ဆက်လက် ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့် ခရီးမတွင် ဖြစ်နေသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ(၃)မှ ဗိုလ်မှူးကြီး တင်မောင်ထွန်းနှင့် အတူ ခလရ(၂၈၃)၊ ခမရ(၄၀၅) တပ်ရင်း နှစ်ရင်း ပါရှိလာသည်။

“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက်အချိန်ယူပြီးလာရ ကတည်းက လမ်းမှာ လုံခြုံရေးတွေ တော်တော် သတိထား နေရလို့ပါ” ဟု နယ်စပ် စစ်ရေးစောင့်ကြည့် လေ့လာသူ တစ်ဦး အကဲခတ် ပြောဆိုသည်။

အဆိုပါခလရ(၂၈၃) သည် လက်ရှိဘုရားသုံးဆူအခြေစိုက် ခလရ(၃၂) တပ်ရင်းနေရာတွင် အစားထိုး ဝင်ရောက် လာမည်ဟု စုံစမ်း သိရှိရသည်။

သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ မလာရောက် နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီးဖြစ်သည်။

ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခု အချိန်လာရောက်ခြင်းသည် ထူးခြားမှု တစ်ရပ်ဟု စစ်ရေး စောင့်ကြည့်သူများ အကဲခတ် နေကြသည်။

Ref: ကောင်းဝါ

0 comments:

အပေါ်သို့