..............................

Tuesday, July 20, 2010

ဦးတင်ဦး နေအိမ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပ

ကြည်ဝေ Monday, July 19, 2010

၆၃ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူလက်တွဲ အလုပ် လုပ်ခဲ့ကြသော ခေါင်းဆောင် ဟောင်းများ၊ ၀ါရင့် နိုင်ငံရေး သမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီ အင်အားစုများ၊ လူငယ်များ တက်ရောက်သော အာဇာနည် စကားဝိုင်းနှင့် ဟောပြောပွဲကို ကာကွယ်ရေး ဦးစီးချုပ်ဟောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဌ ဦးတင်ဦး နေအိမ်တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့သည်။

“ဘဘတို့အနေနဲ့ အခုလို အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးပြီး ကုသိုလ် ကောင်းမှု လုပ်ပြီး အမျှဝေ ပေးတာ၊ ပြီးတော့ စကားဝိုင်းလေး၊ ဟောပြောပွဲလေး လုပ်တယ်ဆိုတာ အာဇာနည်နေ့ရဲ့ လေးနက်မှု ပျောက်ပျက် မသွားဖို့ကို အဓိကထားပြီး လုပ်တာပါ” ဟု ဦးတင်ဦးက ၎င်း၏ နေအိမ်တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောဆိုသည်။

NLD အနေနှင့် ၁၉၈၉ ခုနှစ်ကတည်းက အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ကျဆုံး သွားသော အာဇာနည် ခေါင်းဆောင် ကြီးများအတွက် ကုသိုလ်ပြု အမျှဝေခြင်းကို နှစ်စဉ် ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်ရှိ ၎င်း အဖွဲချုပ်ရုံးတွင် နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ မဝင်ဟု ဆုံးဖြတ်ပြီး ပါတီမှတ်ပုံ မတင်ခဲ့သောကြောင့် မေလ ၆ ရက်နေ့က ပါတီ မှတ်ပုံတင် သက်တမ်း ကုန်ဆုံးသွားခဲ့ရာ အာဇာနည်နေ့ အခမ်းအနားကို ဦးတင်ဦး နေအိမ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နှစ်တွေကြာသွားပြီ ဆိုပေမယ့် ဒီအခမ်းအနားက တရေးတယူ ပြုလုပ်ရမယ့် အခမ်းအနားပဲ ဟိုတုန်းကဆို အာဇာနည်နေ့ အခမ်းအနားကို လေးလေးနက်နက် ထားပြီး လုပ်ကြပါတယ်။ အခုလိုတော့ မဟုတ်ဘူးပေါ့” ဟု အာဇာနည် ဦးဘ၀င်း၏ ဆွေမျိုး မိသားစုဝင် တဦးက ပြောပြသည်။

အာဇာနည်ကြီးများ ကျဆုံးခဲ့သော ၁၉၄၇ ခုနှစ်မှ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အခမ်းအနား တခုအဖြစ် သတ်မှတ်ပြီး လေးလေးနက်နက် ကျင်းပပေးခဲကြောင်း၊ အာဇာနည် မိသားစု ၀င်များကိုလည်း ဂရုတစိုက်နှင့် အလေးအနက်ထား ဖိတ်ကြားခြင်း၊ လေးလေးစားစား ဆက်ဆံခြင်း၊ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် နိုင်ရေးအတွက် အကြိုအပို့ ယာဉ်များနှင့် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောပြသည်။

“ဟိုတုန်းကဆိုရင် အာဇာနည်နေ့ ဥသြသံကြားရင် ရင်ထဲကို ဘယ်လိုကြီးမှန်း မသိဘူး။ ၀မ်းနည်းပြီး ငိုချင်သလိုလို ဖြစ်ကြတာ၊ ကျမတို့တင် မကဘူး လူတိုင်းပဲလေ။ လူတွေကလည်း ဥသြသံ ကြားတာနဲ့ ရောက်ရာနေရာမှာ ရပ်ပြီး အလေးပြု ကြတယ်။ အခုတော့ ဒီအကျင့်တွေကိုလည်း ဖျောက်ဖျက် ပစ်လိုက်ကြပါပြီ” ဟု မိုင်းပွန် စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။

အာဇာနည် ၉ ဦး ကျဆုံးခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် နောက်ပိုင်း နှစ်စဉ် အာဇာနည်နေ့တိုင်း နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် စက်ရုံ အလုပ်ရုံ များက ဥသြဆွဲသည်နှင့် တပြိုင်နက် လူအများက ဥသြသံကြားရာ နေရာတွင် ရပ်ကာ ၁ မိနစ်ခန့် ငြိမ်သက်စွာ အလေးပြု ကြကြောင်း၊ သို့ရာတွင် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်တွင်မူ အဆိုပါ အစဉ်အလာများ မရှိတော့ဘဲ အစိုးရဌာန များတွင်လည်း အာဇာနည်နေ့ ဆွမ်းကပ် အလှူအတန်းပြု အမျှပေးဝေခြင်းများ ပြုလုပ်ခွင့် မရှိတော့ကြောင်း၊ ကျောင်းသူ ကျောင်းသား များကိုလည်း အာဇာနည်နေ့ မမေ့စေရေး အတွက် အာဇာနည်နေ့ အထိန်းအမှတ် စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာရွတ် ပြိုင်ပွဲများ မကျင်းပ စေတော့ကြောင်း၊ အာဇာနည်ကုန်းတွင် ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားကိုပင် ပြီးစလွယ် ကျင်းပသည်ကို မြင်ရကြောင်း အာဇာနည်မိသားစု ၀င်များက ပြောဆိုဝေဖန်ကြသည်။

“စစ်အစိုးရက အာဇာနည်နေ့ကို မှေးမှိန်အောင်လုပ်နေတယ်။ အာဇာနည်နေ့မှာ ကျနော်တို့ ရပြီးသား အခွင့်အရေး တွေတောင် ဒီအစိုးရက ဆုံးရှုံးအောင် လုပ်နေပါတယ်။ ဒါကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့၊ လုပ်ပေးနိုင်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်” ဟု တိုင်းရင်းသား ခေါင်းဆောင် ဦးကျင်ရှင်းထန်က အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်ပြီး သုံးသပ် ဝေဖန်သည်။

မြန်မာနိုင်ငံကို လွတ်လပ်ရေးရရန် ကျိုးပမ်းပေးခဲ့သော အမျိုးသားခေါင်းဆောင်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသဖြင့် အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက် နိုင်ခဲ့ပေ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည် ကြီးများ၏
ကျဆုံးသောနေ့ ဖြစ်သကဲ့သို့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ဒီမိုကရေစီရရှိရေး တိုက်ပွဲ ၀င်ခဲ့ကြသည့် ကျောင်းသား လူငယ်များအား စစ်အစိုးရက နှိမ်နင်း တိုက်ခိုက်သော နေ့တနေ့ ဖြစ်သည့်အတွက် ထိုနေ့တွင် သေဆုံး သွားသူများ၊ ထောင်ဒဏ် အပြစ်ပေးခံရသူများ အတွက်လည်း အာဇာနည်နေ့ပင် ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဦးသန်းထွန်းက ပြောသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ကြီးတွေကို အလေးပြုရမယ့် နေ့ဖြစ်သလို၊ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသူ ကျောင်းသားတွေကိုလည်း အလေးပြုရမှာပါ” ဟု သူက ဆိုသည်။

ဦးတင်ဦးနေအိမ်တွင် ကျင်းပသော အာဇာနည်နေ့ ဟောပြောပွဲသို့ တက်ရောက် လာကြသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊
ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အမျိုးသား NLD အဖွဲ့ဝင် စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိပြီး ဦးတင်ဦး နေအိမ်နှင့် အနီးတ၀ိုက် ရွှေတောင်ကြား၊ ဘောဂလမ်းအနီး တ၀ိုက်တွင် အရပ်ဝတ်ရဲများက တက်ရောက်သူများအား မှတ်တမ်း တင်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ပြင် စွမ်းအားရှင်များ၊ ယူနီဖောင်းဝတ် လုံထိန်း ၃၀၀ ခန့်သည်လည်း ရဲကားများ၊ စစ်ကားများ၊ ဒိုင်နာ ကားများဖြင့် စောင့်ကြည့် လျက်ရှိကြောင်း တွေ့မြင်ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သခင်မြ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း၊ မန်းဘခိုင်၊ ဦးဘချို၊ ဦးရာဇာတ်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး အာဇာနည်ခေါင်းဆောင် ၉ ဦးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာ၇ီ ၃၇ မိနစ်တွင် လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့