..............................

Friday, July 23, 2010

စစ်အစိုးရကိုဒဏ်ခတ်မှု သက်တမ်းတိုးရေး အထက်လွှတ်တော်အတည်ပြု

မခင်ဖြူထွေး
ကြာသပတေး, 22 ဇူလိုင် 2010

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ ဥပဒေတရပ်ကို မနေ့က အမေရိကန် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဘရက် အိုဘားမား လက်မှတ် ရေးထိုးပြီးရင်တော့ ဒီဥပဒေကို တရားဝင် သက်တမ်း တိုးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီဥပဒေကို ခုလို သက်တမ်း တိုးလိုက်တာပါလဲ၊ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ နှစ်ပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရကို ဒဏ်ခတ်တဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်က တခဲနက် ထောက်ခံ အတည်ပြုခဲ့ကြတာပါ။

မြန်မာစစ်အစိုးရ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတွေဟာ တရားမျှတ လွတ်လပ်ပြီး အများပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာ မဟုတ်တဲ့အတွက် ဒီ အတုအယောင် ရွေးကောက်ပွဲတွေကို လက်မခံဘူးဆိုတာကို အမေရိကန် ပြည်ထောင်စုက ပြသတဲ့ အနေနဲ့ ခုလို စီးပွားရေး ဒဏ်ခတ်မှုဥပဒေ သက်တမ်းတိုးဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ ဒီဥပဒေ ချမှတ်နိုင်ရေး အဓိက ကြိုးပမ်းခဲ့သူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) က မနေ့က အထက်လွှတ်တော်မှာ အခုလို ပြောသွားခဲ့ပါတယ်။

“နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရဟာ အဓိပ္ပာယ်မရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ် ရေးဆွဲ အတည်ပြုပြီး အတုအယောင် ရွေးကောက်ပွဲတွေကျင်းပဖို့ ဆက်ပြီး ကြိုးစား နေတုန်းပါပဲ။ ဒီရွေးကောက်ပွဲတွေကို ဘယ်လို အချိန်မှာပဲ ကျင်းပကျင်းပ သံသယဖြစ်စရာ အကြောင်းတချို့ကတော့ ရှိနေပါတယ်။ ပထမ အချက်ကတော့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားတဲ့ ကိစ္စပါ။ အခု ဖွဲ့စည်း အုပ်ချုပ်ပုံသစ် အောက်မှာ ဘယ်လို အစိုးရမျိုးမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လှုပ်ရှားနိုင်ခွင့် မရှိအောင် မြန်မာ စစ်ခေါင်းဆောင်တွေက တားမြစ် ထားပါတယ်။ ဒုတိယအချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေ လှုပ်ရှားလို့မရအောင် ကန့်သတ် ထားတဲ့ကိစ္စပါ။ နောက် တတိယ အချက်ကတော့ စစ်အစိုးရ လက်ကိုင် ရွေးကောက်ပွဲ ကော်မရှင်ကနေ မကြာသေးခင်တုန်းကပဲ ရွေးကောက်ပွဲ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်မဲ့တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာပါ။ ဥပမာ - ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ လူထုစုဝေးမှုတွေ လုပ်တာ၊ အလံ လွှင့်ထူကိုင်ဆောင်တာ၊ ကြွေးကြော်သံ တိုင်တာတွေကို သူတို့က ကန့်ကွက် ထားတာမျိုးတွေပါ။”

ရွေးကောက်ပွဲမတိုင်ခင် သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရသလို နောက်ပိုင်းမှာ အခုထက်ပိုပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ မြန်မာ စစ်အစိုးရဘက်က လုပ်လာနိုင်ဖွယ်ရှိတာကလဲ စိုးရိမ်စရာ အခြေအနေမှာ ဖြစ်တယ်လို့ အထက် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်က ပြောသွားခဲ့ပါတယ်။

“မြောက်ကိုရီးယားကနေ တရားမ၀င် လက်နက်တွေ သယ်ယူခဲ့တယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ အပါအ၀င် မြောက်ကိုရီယားနဲ့ မြန်မာ နိုင်ငံတို့အကြား ဆက်သွယ်မှုတွေ လုပ်နေတဲ့ အကြောင်းတွေကို ပြီးခဲ့တဲ့ လပိုင်းတွေထဲက စပြီး သတင်းတွေ ထွက်နေခဲ့တာပါ။”

ဒီလို အခြေအနေတွေကြောင့် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ မြန်မာစစ်အစိုးရ လိုချင်တဲ့အတိုင်း အမေရိကန် ပြည်ထောင်စုက ဘယ်လိုမှ အသိအမှတ် မပြုသင့်ဘူးလို့လဲ သူက ပြောပါတယ်။

မကြာခင်မှာ မြန်မာနိုင်ငံကို ခုလို စီးပွားရေးအရ ဒဏ်ခတ်မှုတွေ လုပ်စရာ မလိုတော့မယ့် အချိန်တခု ရောက်လာဖို့ မျှော်လင့်တဲ့ အကြောင်းလဲ မစ္စတာ မက် ကောနဲလ် က ပြောခဲ့ပါတယ်။

“မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူစရာ မလိုတော့မယ့်အချိန်တခု မကြာခင်မှာ ရောက်လာဖို့ ကျနော် မျှော်လင့်ပါ တယ်။ ၁၉၉၀ ပြည့်လွန် အစပိုင်းနှစ်တွေက တောင်အာဖရိကနိုင်ငံမှာ ဖြစ်ခဲ့သလိုမျိုး မြန်မာ နိုင်ငံသားတွေလဲ အစိုးရရဲ့ ဖိနှိပ်မှုတွေ အောက်က လွန်မြောက်ပြီး လွတ်လပ်ခြင်း အရသာကို ခံစားကြရမှာပါ။ ဒါပေမဲ့ မကြာသေးခင် အချိန်တွေအထိ ဖြစ်ပျက်နေတာတွေကို ကြည့်မယ် ဆိုရင်တော့ မြန်မာစစ်အစိုးရဟာ အာဏာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်နေတုန်းပဲ ဖြစ်သလို အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အန္တရာယ်ပြုတဲ့ နိုင်ငံခြားရေး မူဝါဒတွေကိုလဲ ချမှတ် ဆောင်ရွက်နေတုန်းပါပဲ။”

Kentucky ပြည်နယ်ရဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် အထက်လွှတ်တော်မှာ မနေ့က ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက် လို့ခေါ်တဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်တဲ့ ဥပဒေကို အမေရိကန် ပြည်ထောင်စုမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့အပြီး မြန်မာစစ်အစိုးရကို ပိုပြီးတော့ ပြင်းထန်တဲ့ ဖိအားပေးတဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်ကစပြီး ဒီဥပဒေကို ပြဌာန်းခဲ့တာပါ။

ဒီဥပဒေထဲမှာတော့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို တားမြစ်တာ၊ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ငွေကြေး ဘဏ်တွေကနေ ချေးငွေနဲ့ တခြား အထောက်အပံ့တွေ မယူနိုင်အောင် ပိတ်ပင်တာ၊ အမေရိကန် ဘဏ်တွေနဲ့ ပတ်သက်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ အပြင် စစ်အစိုးရနဲ့ သူ့တို့ မိသားစုတွေကို အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့်ဗီဇာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

အခုလို မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ ဒဏ်ခတ်တဲ့ ဒီဥပဒေကို သက်တမ်းတိုးဖို့ ထောက်ခံခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံကို ဒဏ်ခတ်မှုတွေ အလုပ်မဖြစ်ဘူးလို့ အရင်က ဝေဖန် ပြောဆိုခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် Jim Webb လဲ ပါဝင်ပါတယ်။

ခုလို မြန်မာစစ်အစိုးရကို ဒဏ်ခတ်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အထက်လွှတ်တော်မှာ တခဲနက် ထောက်ခံ ခဲ့တာကို အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့နဲ့အတူ မြန်မာ့ အရေး လှုပ်ရှားသူတွေကလဲ ကြိုဆို ခဲ့ကြပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့