..............................

Wednesday, July 21, 2010

ရေကာတာသည် ရေဒါစခန်း တိုးချဲ့ရေး ဖြစ်နိုင်ကြောင်း စောင့်ကြည့်သူများ သုံးသပ်

နှောင်းလှိုင်
အင်္ဂါနေ့, 20 ဇူလိုင်လ 2010

မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဖာဆောင်းမြို့နယ်တွင် ဆောက်လုပ်နေသည့် ရေကာတာသည် ရေဒါစခန်း တိုးချဲ့ တည်ထောင်နိုင်ရန် အတွက် ဖြစ်နိုင်ကြောင်း ကရင်နီနိုင်ငံရေး လေ့လာ စောင့်ကြည့်သူနှင့် သတင်း အချက်အလက်များ စုဆောင်း သုတေတနပြုသော အဖွဲ့က ဆိုသည်။

ကရင်နီပြည်တွင် တိုးချဲ့တည်ဆောက်လာမည့် ရေဒါစခန်းများသည် ရေအားလျပ်စစ် အချိန်ပြည့် အသုံးပြုရန် လိုအပ်ပါကြောင်း ကရင်နီပြည်နယ် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တဦးက ပြောသည်။

၎င်းက “စစ်အစိုးရသာ အမှန်တကယ် ဖာဆောင်းမြို့ကို လျှပ်စစ်မီး သုံးစေချင်ရင် မော်ချီး ရေအားလျှပ်စစ် စက်ရုံကနေ သွယ်တန်းလို့ ရပါတယ်။ အခု ဖာဆောင်းနားက ရေအားလျှပ်စစ် စီမံကိန်း အသေးတခုဟာ ရေဒါစခန်း အတွက်သာ ဖြစ်တယ်လို့ သိထားပါတယ်” ဟု ပြောသည်။

ဖာဆောင်းမြို့နယ်ရှိ သံလွင်မြစ်နှင့် နန့်ပန်ချောင်းတို့ ဆုံရာ နေရာ၌ ရေကာတာ တည်ဆောက်ရန် စစ်အစိုးရနှင့် တရုတ်တို့ ပူးပေါင်းကာ ပြီးခဲ့သည့် လမှ စတင်၍ အဆောက်အဦး ပစ္စည်းများ စုဆောင်းခြင်းနှင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

စစ်အစိုးရတပ် တပ်မ (၅၅) အခြေစိုက်ထားရာ နေရာများ ဖြစ်သော ဖာဆောင်း၊ ရွာသစ်နှင့် လွိုင်ကော်မြို့ အနီးတို့တွင် ရေဒါစခန်းများ တည်ထောင်နိုင်ရန် စစ်အစိုးရက အကြမ်းအားဖြင့် သတ်မှတ်မှုများ ရှိထားခဲ့ကြောင်း ကရင်နီနိုင်ငံရေး လေ့လာသူက ပြောသည်။

“အရင်က ဖယ်ခုံမြို့အခြေစိုက် (စစ်ဗျူဟာ ကွပ်ကဲမှူး ဌာနချုပ်) စကခ (၇) မှာပဲ ရေဒါတခု ထားရှိတယ်လေ။ အခုနောက်ပိုင်းမှာ ပျဉ်းမနား နေပြည်တော်မြို့သစ်အပြီး ပြည်ပလေကြောင်း ရန်ကို ကာကွယ်ရေးအတွက် နေပြည်တော်နဲ့ အနီးဆုံး နယ်စပ် ထွက်ပေါက်တွေမှာ ရေဒါစခန်းတွေကို တိတ်တဆိတ် တည်ဆောက်ဖို့ စစ်အစိုးရက ကြိုးပမ်းနေတယ်လို့ သိထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရသည် ပျဉ်းမနားရှိ နေပြည်တော်မြို့သစ်နှင့် ၎င်းတို့ လုံခြုံရေးနှင့် လေကြောင်း ကာကွယ်ရေးအတွက် ရေဒါစခန်း လိုအပ်နေသကဲ့သို့ ကရင်နီ ပြည်နယ်သည်လည်း မြို့သစ်နှင့် နီးကပ်သည့်အတွက် လေကြောင်း ကာကွယ်ရေးကို ဦးတည်နေခြင်း ဖြစ်နိုင်သည်ဟု ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေတနပြု အစုအဖွဲ့ KDRG ဒါရိုက်တာ တော်ရယ်ပိုးက ပြောသည်။

၎င်းက “ဖြစ်နိုင်တယ်ပေါ့ အဲလို ဖြစ်နိုင်ချေရှိတယ်။ ဒီကယားပြည်နယ် အတွင်းမှာ လှိုင်ခေါင်းတွေလည်း တူးနေသလား ဆိုတဲ့ ကောလဟာလ သတင်းတွေလေ ကြားထားတယ် ဆိုတော့ အဲဒီဟာနဲ့အတူ ခုနပြောတဲ့ ရေဒါစခန်း ဆိုတာလည်း နေပြည်တော်နဲ့ တွက်ရင် နီးနီးလေးပေါ့နော်။ သူတို့ အဲဒီ ပတ်ဝန်းကျင်ကို လုံခြုံရေးသဘောနဲ့ သူတို့ ထားထားတာမျိုး အဲလိုတွေးပြီးတော့ ဆက်စပ်ယူလို့ ရတာပေါ့” ဟု ပြောသည်။

စစ်အစိုးရ ရေဒါစခန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများက မသိရှိသေးကြောင်း၊ ရေဒါစခန်း တည်ရှိမည့် နေရာများ၏ နယ်မြေဧရိယာ ၀န်းကျင်များတွင် လုံခြုံရေး တိုးမြှင့်မှုနှင့် တပ်စခန်း တိုးချဲ့ချထားမှုတို့ကို ပိုမို လုပ်ဆောင်သွားမည်ဟု သိရသည်။


Ref: ကန္တာရဝတီတိုင်းမ်

0 comments:

အပေါ်သို့