..............................

Thursday, July 22, 2010

တံတားပြန်ဖွင့်ရေး ဆွေးနွေးရန် ထိုင်းအဖွဲ့ မြန်မာသို့သွားမည်

ရဲရင့်
၂၁ ဇူလိုင် ၂၀၁၀

နားလည်မှုလွဲမှားခြင်းကြောင့် မြန်မာဘက်က ပိတ်လိုက်သည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရန် ထိုင်းကုန်သွယ်ရေး ဒု-၀န်ကြီး ဦးဆောင်သည့် ထိုင်းစီပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တဖွဲ့သည် လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်းကုန်သွယ်ရေး ဒု-၀န်ကြီး နိုင်အလုံကောန်ဖွန်လဗွတ်က ယနေ့ မဲဆောက်သို့ ရောက်ရှိစဉ် ဒေသခံ သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက “ချစ်ကြည်ရေးတံတားပိတ်တဲ့အတွက် ထိုင်းဘက်ကကုန်သွယ်ရေးမှာ နစ်နာမှုတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် နေပြည်တော်ကို မသွားခင်မှာ ဒီကအခြေအနေတွေကို အရင် လာကြည့်တာဖြစ်တယ်။ ဒီကပြီးမှ မြန်မာနိုင်ငံကို သွားရောက် ဆွေးနွေးရင် ပိုပြီးတော့ အဆင်ပြေသွားမယ်” ဟု ပြောသည်။

ယခုကဲ့သို့ တဖက်နှင့်တဖက် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ တံတား ပိတ်လိုက်ခြင်းသည် နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်သည့် အတွက် အလားတူဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

“သောကြာနေ့ကျရင် ထိုင်းစီးပွားရေးလုပ်ငန်းရှင် အဖွဲ့တခုနဲ့အတူ နေပြည်တော်ကိုသွားပြီး မြန်မာ အစိုးရ၀န်ကြီးဌာနတွေ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်” ဟု ၀န်ကြီး နိုင်အလုံကောန်က ပြောသည်။

ဝန်ကြီးသည် ထိုင်းဘက်မှ အငြင်းပွားဖွယ်ရာ ကမ်းထိန်းနံရံတည်ဆောက်နေသည့် ထိုင်းဘက်ခြမ်း ထာ့အာရွာရှိ အမှတ် (၁၀) လှေဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ သောင်ရင်းမြစ်ခြားသည့် အဆိုပါလှေဆိပ်၏ မြန်မာ ဘက်ခြမ်းတွင် မြ၀တီခရိုင် ကျောက်ဖျာအမှတ် (၄) ရပ်ကွက် တည်ရှိသည်။

ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်ရင်းမြစ်တွင် ကမ်းထိန်းနံရံ တည်ဆောက် ခဲ့သည်ကို ကန့်ကွက်သည့် အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ယခုလ (၁၈) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့သည့် အပြင် ချစ်ကြည်ရေး တံတားကိုလည်း မည်သည့် ခြွင်းချက်မှ မထားဘဲ လုံးဝ ပိတ်လိုက်ခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင်အာဏာပိုင်များက အကြောင်းပြချက် မပေးဘဲ (၄) ကြိမ်ခန့် ချစ်ကြည်ရေး တံတားကို ဖွင့်ချီ ပိတ်ချီ ပြုလုပ်ခဲ့ရာမှ ယခုလ (၁၈) ရက်နေ့မှစ၍ အကြမ်းဖက်မှု အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ တံတားကို အချိန်ပြည့် ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အများဆုံးလမ်းကြောဖြစ်သည့် မဲဆောက် - မြ၀တီ ကုန်သွယ်ရေး လမ်းကြောမှ တဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင် တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၏ မှတ်တမ်းများအရ သိရသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁) ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်ငွေသန်း (၆၀) ခန့် ထိခိုက်နစ်နာမှု ရှိသည်ဟု ထိုင်းဘက်က ပြောဆိုသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့