..............................

Tuesday, July 20, 2010

ဝ တပ်သားတစ်ဦး သေဆုံးသွားသော ပစ်ခတ်မှုသည် နအဖ စစ်တပ်က သွေးတိုး စမ်းနေခြင်းလော

Monday, 19 July 2010

မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသော ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSA) ထိန်းချုပ် နယ်မြေအနီး သျှမ်းပြည် (မြောက်ပိုင်း) ဟိုပန်မြို့နယ် ပလောင် စံပြကျေးရွာတွင် မြန်မာ စစ်တပ်နှင့် ၀တပ်ဖွဲ့တို့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ကျော်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၀ တပ်ဖွဲ့မှ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

မြန်မာစစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၀၉ တပ်ရင်းမှ အင်အား ၃၀ ကျော်ခန့်ပါသော စစ်ကြောင်းနှင့် ၀ တပ်သား ၄ ဦးတို့ ပလောင် စံပြရွာအတွင်း အချင်းများပြီး ပစ်ခတ်ကြခြင်း ဖြစ်သည်။

ထိုနေ့က ၎င်းရွာအနီးရှိ နမ့်တိန်း ၀ တပ်စခန်းမှ ၀ တပ်သား ၄ ဦးသည် ရွာအတွင်းသို့ ၀င်လာစဉ် မြန်မာစစ်တပ်နှင့် ထိပ်တိုက် တိုးမိ၍ နှစ်ဘက် စကားများကြပြီး ၀ တပ်သားတစ်ဦးက သေနတ်မိုးပေါ် ပစ်ဖေါက်ခဲ့ရာ မြန်မာစစ်တပ်က ပြန်လည် ပစ်ခတ် သဖြင့် အဆိုပါ ၀ တပ်သားတစ်ဦး သေဆုံးရခြင်း ဖြစ်ကြောင်း ၀ တပ်ဖွဲ့နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စကားများတော့ ဒေါသထွက်ပြီး ကျနော်တို့ဆီက တစ်ယောက် သေနတ် မိုးပေါ်ထောင်ပစ်တာ ဗမာတပ်က ပြန်ပစ်တော့ အဲဒီ တစ်ယောက် ကျသွားတယ် နှစ်ဘက်စလုံး နေရာယူကြတာပေါ့ သေနတ် ၄/၅ ချက်လောက် ပစ်ပြီး ချက်ခြင်း ပြန်ဆုတ် သွားတယ်။ ကိုယ့်ဘက်က ၄ ယောက်တည်း ဆိုတော့ လိုက်ပစ်ရလို့လည်း မရဘူး ဗမာတပ်ကတော့ လက်နက်ကြီးတွေ အပြည့်အစုံ ပါတယ် ” ဟု သူက ပြောသည်။

နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားချိန်သည် ၀ တပ်ဖွဲ့ခေါင်းဆောင်များ ၄င်းတို့ ဋ္ဌာနချုပ်ရှိရာ ပန်ဆန်းမြို့၌ အစည်းအဝေး တက်ရောက် နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် မြန်မာစစ်တပ်၏ သွေးတိုးစမ်းမှု ဖြစ်ဖွယ်ရှိကြောင်း တရုတ်နယ်စပ်ရှိ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

“၀ တပ်က ဇူလိုင် ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြို့နယ်အထက် ကေဒါတွေ တပ်ရင်း ကေဒါတွေ အားလုံး လူပေါင်း ၁၀၀၀ ကျော်လောက် အစည်းအဝေးက ပန်ဆန်းမှာ လုပ်နေတယ် နောက်တစ်ခုက ဒီတစ်လ အတွင်းမှာ ၉၉ တပ်မက တပ်တွေ ၀ နယ် မျက်နှာစာမှာ အရမ်း လှုပ်ရှားလာတယ် လူကြီးတွေ မရှိတဲ့အချိန် ၀င်လာ သလားပေါ့ သွေးထိုးများ စမ်းသလားပေါ့ ” ဟု သူက ဆိုသည်။

နယ်မြေချင်းထိစပ်နေသောကြောင့် မြန်မာစစ်တပ်နှင့် ၀ တပ်ဖွဲ့တို့အကြား အောက်ခြေတပ်သားများ မကြာခဏ စကားများသည့် ဖြစ်ရပ်များ ရှိဖူးသော်လည်း ယခု သွေးထွက်သံယို ဖြစ်ပွားမှုသည် ပထမအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လပိုင်းက ကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့အပြီး ၀တပ်ဖွဲ့ နယ်မြေနှင့် ထိစပ်နေသော ကွမ်းလုံ၊ ဟိုပန်မြို့ အနီးတစ်ဝိုက်တွင် မိထ္ထီလာမြို့ အခြေဆိုက် တပ်မ ၉၉ က တပ်စွဲ လှုပ်ရှားနေခြင်း ဖြစ်သည်။

နအဖက နယ်စပ်ဒေသများရှိ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့ စည်းရန် လွန်ခဲ့သည့်နှစ် ဧပြီလကတည်းက အဆိုပြုထားပြီး ၎င်းအဆိုပြုချက် ငြင်းဆန်နေဆဲ လက်နက်ကိုင် အဖွဲ့များတွင် ၀ ပြည် သွေးစည်း ညီညွတ်ရေး ပါတီလည်း ပါဝင်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့