..............................

Wednesday, July 21, 2010

စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ် အေးရှားဝေါလ်ကို လွှဲပြောင်း

ရန်ပိုင် Tuesday, July 20, 2010

ရန်ကုန်မြို့ ပြည်လမ်း မပေါ်ရှိ ယခင် စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ်၏ အဆောက် အအုံနှင့် မြေနေရာကို အေးရှားဝေါလ် ကုမ္ပဏီက မကြာသေးမီက လွှဲပြောင်း ရယူခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အတွင်းရေးမှူး (၁) အမိန့်နဲ့ တိုက်ရိုက်ချတာ၊ စတီဗင်လောတို့ မက်စ် ဇော်ဇော်တို့က အတွင်းရေးမှူး (၁)ရဲ့ လူရင်းတွေ၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသား တေဇာစောဦးက အဲဒီ ကုမ္ပဏီမှာ ရှယ်ယာ ၀င်ထားတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် အေးရှားဝေါလ်ကုမ္ပဏီသည် နေပြည်တော် လေဆိပ် တည်ဆောက်ခွင့် လုပ်ငန်းများကိုလည်း တခြားသော ပြိုင်ဘက် စီးပွားရေး လုပ်ငန်းရှင်များကို ကျော်လွန်၍ လုပ်ကိုင်ခွင့် ရထားသည်ဟု ၎င်းက ဆက်ပြောသည်။

အေးရှားဝေါလ်ကုမ္ပဏီသည် မြန်မာ့လေကြောင်းလိုင်း (MAI) မှ ဦးစီး၍ တာဝန်ယူ လုပ်ကိုင်နေသည့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ၀င်ငွေရှိသည့် ရန်ကုန်လေဆိပ်ရှိ ၀န်ဆောင်မှု လုပ်ငန်းများကိုလည်း မကြာသေးမီက လွှဲပြောင်း ယူခဲ့သည်။

လက်ရှိအခြေအနေတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်လိုသူများသည် ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီ ဥက္ကဋ္ဌ နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC) ၏ ဥက္ကဋ္ဌ ရာထူများကို ရယူထားသည့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် အဆင်ပြေရန် လိုအပ်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ပြောသည်။

“အခုအချိန်မှာတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ဆိုတာ တပ်မတော် အပေါ်မှာသာ သြဇာ ရှိချင်ရှိမယ်၊ စီးပွားရေး ပိုင်းမှာတော့ အတွင်းရေးမှူး (၁) လောက် သြဇာ မရှိတော့ဘူး”ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်အစိုးရ နေပြည်တော်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေကွက်များ ချထားပေးခြင်း များတွင်လည်း ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ ခွင့်ပြုချက် ယူရသည်ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ဆက်ပြောသည်။

ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီသည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းလိုင်စင်များနှင့် ကားတင်သွင်းခွင့် ပါမစ်များကို စိစစ် အတည်ပြု ပေးရပြီး ယခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှ ကိုင်တွယ်ကြောင်း သိရသည်။

ယခုအခါ အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ၊ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး စီမံကိန်းနှင့် နိုင်ငံအတွင်းရှိ အဝေးပြေး ကားလမ်းမကြီးများ ဖောက်လုပ်ရေးနှင့် ပြုပြုင် ထိန်းသိမ်းရေး၊ လမ်းတံတားကြေး ကောက်ခံမှု လုပ်ငန်းများ နှင့် ရေကြောင်း ကုန်သွယ်မှု၏ အဓိက အချက်အချာဖြစ်သည့် အလုံ ဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကိုလည်း လုပ်ကိုင်ခွင့် ရထားသည့် အပြင် နိုင်ငံတ၀န်းရှိ ရေအားလျှပ်စစ် စီမံကိန်းများတွင် တည်ဆောက်ရေး လုပ်ငန်းကြီးများ လုပ်ကိုင်ခွင့် ရထားသည်။

အေးရှားဝေါလ်ကုမ္ပဏီကို ပိုင်ဆိုင်သူ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လောမှာ ယခင်က ဘိန်းဘုရင်ဟု နာမည်ကြီးခဲ့သည့် ကိုးကန့် ကာကွယ်ရေး ခေါင်းဆောင်ဟောင်း လော်စစ်ဟန် ၏ သားဖြစ်ပြီး ထို မူးယစ်ဆေးဝါး လုပ်ငန်းမှ ရရှိထားသည့် ငွေမည်းများကို ယင်းလုပ်ငန်း များတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်၍ ငွေဖြူ အဖြစ် ငွေကြေး ခ၀ါချမှုများ ပြုလုပ်ပြီး စစ်အစိုးရကို အဓိက ကျောထောက် နောက်ခံ ပေးသူများတွင် ပါဝင်ကြောင်း သိရသည်။

ထိုကြောင့် အမေရိကန်အစိုးရ နှင့် ဥရောပ သမဂ္ဂတို့မှ စီးပွားရေး ပိတ်ဆို့မှု စာရင်းတွင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် ဦးထွန်းမြင့်နိုင် တို့ပါဝင်သည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စက်ရုံများ၊ စီမံကိန်းကြီးများနှင့် အဆောက် အအုံများကို ပုဂ္ဂလိကပိုင် စတင် ပြုလုပ်ခဲ့သည့် အပြင် မကြာသေးမီကလည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်များ စတင် ခွင့်ပေးခဲ့သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့