..............................

Wednesday, July 21, 2010

စက်မှု (၁) ၀န်ထမ်းများ ရှေ့ရေး ရေရာမှု မရှိ

အောင်ထက်
၂၀ ဇူလိုင် ၂၀၁၀

စက်မှု (၁) ၀န်ကြီးဌာန၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံ (ပြင်ထိန်း) ၏ လုပ်ငန်း အရပ်ရပ်အား (နေပြည်တော်) စက်မှု ညွှန်ကြားမှု ဦးစီးဌာနမှ လွှဲပြောင်းရယူမည်ဟု သတင်း ထွက်ပေါ်နေသဖြင့် ၀န်ထမ်းများ စိတ်သောက ရောက်နေကြကြောင်း သိရသည်။

ဝန်ထမ်းများ သိရှိစေရန် တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ခြင်း မပြုသေးသော်လည်း အဆိုပါ သတင်းသည် ၀န်ထမ်းများ အတွင်း ပျံ့နှံ့လျက် ရှိသည်ဟု ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ပြင်ထိန်းမှာ ၀န်ထမ်း (၄၀၀) ကျော်ရှိတယ်။ အဲဒီ ၀န်ထမ်းတွေရဲ့ တ၀က်ကိုပဲ စက်မှုညွှန်ကြားမှုက ခေါ်မယ်။ ကျန်တ၀က်ကို တခြား စက်ရုံတွေဆီ ခွဲပို့မယ်လို့ပြောတယ်။ ဒါဆိုရင် နယ်စက်ရုံတွေ ရောက်မယ့် ၀န်ထမ်းတွေ နုတ်ထွက်စာ တင်ကြမှာပဲ” ဟု ပြောသည်။

ထို့အပြင် စက်မှုညွှန်ကြားမှု ဦးစီးဌာနလက်အောက် ရောက်ရှိသွားပါက နေပြည်တော်၌ သွားရောက် တာဝန် ထမ်းဆောင်ရမည် ဖြစ်ခြင်းကြောင့် ၀န်ထမ်းအချို့ နုတ်ထွက် ကြလိမ့်မည်ဟုလည်း သိရသည်။

ယခုလောလောဆယ် စက်မှု (၁) စက်ရုံတို့၏ လတ်တလော အခြေအနေမှာ ပြင်ဆင်မှု စရိတ်မရှိဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ လည်ပတ် နေရကြောင်း၊ ယခင်ကဆိုလျှင် စက်မှု (၁) ပိုင် စက်ရုံများ၏ စက်ကိရိယာပိုင်း ပြင်ဆင်မှု အရပ်ရပ်ကို မြန်မာ့ အထွေထွေနှင့် ပြုပြင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်း (ထွေထိန်း) မှ ချုပ်ကိုင် ထားရှိကာ ပြင်ထိန်းသို့ လုပ်ငန်း ချပေးကြောင်း၊ ယခု ပြင်ထိန်းသို့ လုပ်ငန်းများ ချပေးခြင်း မရှိတော့သည်မှာ ၂၀၁၀ ဘတ်ဂျက် ကာလကတည်းက ဖြစ်ကြောင်း ၀န်ထမ်းတို့ထံမှ သိရသည်။

ထို့အပြင် စက်ရုံများတွင် နှစ်စဉ် ကုန်ချောလက်ကျန် များနေခြင်း၊ ဈေးကွက်တွင်း ယှဉ်ပြိုင်နိုင်စွမ်း အားနည်းခြင်းတို့ သည်လည်း စက်မှု (၁) ၀န်ကြီးဌာန၏ ကျဆုံးခန်း ဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ် ပြောဆိုမှုများ ရှိခဲ့သည်။

ဝန်ထမ်းတဦးက “စက်မှု (၁) အလှကုန် ပစ္စည်းစက်ရုံရဲ့ မဉ္ဇူရေမွှေး တပုလင်း (၂,၀၀၀) ကျပ်၊ ပြင်ထိန်း ဖိနပ်စက်ရုံရဲ့ သားရေ ဖိနပ် တရန် (၆,၀၀၀) ကျပ်၊ (ပုံဆန်း) စက်ဘီးတစီး (၆၀,၀၀၀) ကျပ် ဆိုတာတွေဟာ နိုင်ငံခြား ပစ္စည်းတွေထက် တန်ဖိုး မြင့်နေတယ်။ နောက်ပြီး စက်မှု (၁) ထုတ် အပ်ချုပ်စက်ကို ပြင်ဆိုင်တွေက လက်ခံပြီး ပြင်မပေးဘူး။ ဒီလို အရည်အသွေးက အားနည်း၊ တန်ဖိုးက မြင့်တော့ ၀ယ်လိုအား ကျလာတယ်။ စက်ရုံတွေမှာ ကုန်ချောလက်ကျန် များလာတယ်” ဟု ပြောသည်။

ထို့ကြောင့် ပြင်ထိန်းစက်ရုံမှ အင်ဂျင်နီယာများအပြင် အခြားဌာနများကို ညှိနှိုင်းဝယ်ခိုင်းပြီး ကုန်ချောလက်ကျန်ပြတ် စာရင်းရှင်းတမ်း ပြနေရသည်ဟု ထိုဝန်ထမ်းက ရှင်းပြသည်။

အခြား စက်ရုံဝန်ထမ်းတဦးကလည်း “စက်မှု (၁) ထုတ် ဗိုက်တာစုံ အားဆေးတဘူး (၅,၀၀၀) ကျပ်။ တရက် (၆) လုံးနှုန်းနဲ့ ၁၅ ရက်ပဲ သောက်ရတော့ တနေ့ အားဆေးဖိုး (၃၀၀) ကျပ် ရှိနေတယ်။ ရေညှိစိမ်း ပလူဗီမင်ဆိုလည်း တနေ့အလုံး (၂၀) သောက်မှ အာနိသင် ပြည့်ဝတယ် ပြောတယ်။ ဒီတော့ ၀န်တာလည်းကျဉ်း၊ စရိတ်လည်း သက်သာတဲ့ နိုင်ငံခြား အားဆေးတွေကို တလုံး (၁၅၀) ကျပ်ပေးပြီး ပြည်တွင်းက သုံးနေကြတယ်” ဟု ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာနသည် လာမည့်နှစ်အတွင်း စက်မှု (၂) ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ စက်မှုဝန်ကြီးဌာန တခုတည်းအဖြစ် ရပ်တည်မည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ထို့အတွက် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် ၎င်း၏ ၀န်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားတခုလုံးကို ယခုကတည်းက ဖျက်ဆီးနေသည်ဟု ၀န်ထမ်းများအတွင်း ဝေဖန်မှုများ ရှိနေသည်။

စက်မှု (၁) ၀န်ကြီးဌာနပိုင် စက်ရုံ (၃၅) ရုံအား ရောင်းချ/ငှားရမ်းမည်ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ပြီးခဲ့သည့် ၂၀၁၀ ဇန်န၀ါရီ လကုန်ခန့်က လေလံ ခေါ်ယူခဲ့သည်။

အဆိုပါ စက်ရုံများထဲမှ စက်ရုံအနည်းငယ်သာ ရောင်းချ/ငှားရမ်းပြီး ဖြစ်ရာ ယင်းစက်ရုံတို့၏ ၀န်ထမ်းများကို စက်မှု (၁) ပိုင် အခြား စက်ရုံများသို့ ခွဲဝေ ပို့ဆောင်နေရသည်ဟုလည်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့