..............................

Friday, June 11, 2010

ကမ္ဘာ့ဖလား နောက်ကွယ်မှ အကျည်းတန် အမှန်တရား

အဲလက်စ် ဒူးဗော စမစ်
Thursday, June 10, 2010

ခေတ် အဆက်ဆက် ကံမကောင်းခဲ့သော အာဖရိက တိုက်ကြီးတွင် သမိုင်းဝင် အပြောင်းအလဲ တခု ကြုံတွေ့ကြပြီ ဖြစ်သည်။ တခြားတော့ မဟုတ်၊ အာဖရိက မြေပေါ်တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးပင်။

ဆင်းရဲသားများ၏ မြေပေါ်တွင် ချမ်းသာ ကြွယ်ဝသူများ သွားရောက် ယှဉ်ပြိုင်ကစားမည့် အပေါ် ဝေဖန်မှုများလည်း ပို၍ ထွက်ပေါ်လာနေသည်။ ဘောလုံးပွဲ ကျင်းပမည့် တောင်အာဖရိက နိုင်ငံ၏ မြို့အသီးသီးတွင် နောက်ဆုံး အချိန်အထိ ပြင်ဆင်မှုများ ပြုလုပ် နေကြသည်။

ထိုကွင်းများတွင် လာရောက်၍ ဘောလုံး ကန်ကြမည့် ကစားသမားတချို့သည် ကမ္ဘာကျော် ဘောလုံးသမားများ ဖြစ်သလို ဝင်ငွေ မြင့်မား သူများလည်း ဖြစ်သည်။ အာဖရိကတိုက်မှ ဘောလုံးသမားများ မမျှော်မှန်းနိုင်သည့် ပမာဏ အထိ ဝင်ငွေ မြင့်မားသူများဟုလည်း ဆိုနိုင်သည်။

ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ ဥက္ကဋ္ဌ ဆတ်ပ် ဘလတ္တာက ဘောလုံးပွဲများ ရုပ်သံ ရိုက်ပိုင်ခွင့် ရောင်းချခြင်းမှ ဒေါ်လာ ၃ ဘီလီယံ ကျော် ရမည်ဟု မျှော်မှန်းထားသည်။ ထိုငွေကို ဘောလုံးပွဲ ကျင်းပခွင့် ပြုသည့် တောင်အာဖရိက တိုက်၏ ပြည်သူများ အကျိုးအတွက် ပြန်လည် အသုံးချရန် သူက အပြင်းအထန် တိုက်တွန်းထားသည်။ ဖီဖာ အဖွဲ့ချုပ် ကလည်း ထိုငွေများကို အသုံးပြု၍ အာဖရိကတိုက် အတွင်း ဘောလုံး နည်းပညာသင် ကျောင်းပေါင်း ၂ဝ ဖွင့်ရန် ပြောဆိုထားသည်။

သို့သော်လည်း ဖီဖာသည် အာဖရိအတွက် အပြောသက်သက်ဖြင့်သာ ကူညီနေပြီး လက်တွေ့တွင် မည်သည့် အရာမျှ ဖြစ်လာလိမ့်မည် မဟုတ်ဟု သတင်းဆောင်းပါးရှင် တဦးဖြစ်သူ အန်ဒဲလ် မက်ဇီတန်မ ဆိုသူက ပြင်းထန်စွာ ဝေဖန်ထားသည်။ ဤဘောလုံးပွဲကြီး ကျင်းပခြင်း အတွက် ရေရှည်တွင် အာဖရိက၏ စီးပွားရေး အပြောင်းအလဲ အတွက် ထူးခြား လာလိမ့်မည်ဟု မထင်ကြောင်းလည်း ထောက်ပြ ထားသည်။ “ကမ္ဘာ့ ဖလားပွဲ ဆိုတာ ကတယ်တမ်းတော့ ကမ္ဘာပေါ်က လူချမ်းသာတွေနဲ့ တောင်အာဖရိက နိုင်ငံက အထက်တန်းလွှာ တသိုက်ရဲ့ ကိုလိုနီခေတ် ကစားပွဲလို့တောင် ပြောနိုင်ပါတယ်” ဟု သူက ရေးသား ဝေဖန်ထားသည်။

“အတိတ်တုန်းကလည်း ကျနော်တို့ဟာ သူတပါးရဲ့ အုပ်ချုပ်ခြင်းကို ခံရတယ်။ တောင်အာဖရိက အစိုးရဟာ အခုလည်း ကိုလိုနီ လုပ်ခဲ့သူများကို ထပ်ပြီး ဖိတ်ကြားတာလို့ပဲ ပြောလိုပါတယ်” ဟု ဆောင်းပါးရှင်က ထပ်မံ ဖြည့်စွက် ထားသည်။

တောင်အာဖရိက အစိုးရသည် ကမ္ဘာ့ဖလားပွဲ အတွက် မြို့ကြီး ၉ မြို့တွင် အဆောက်အအုံများ လမ်းများ ဆောက်လုပ်ခြင်းမှ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ကုန်ကျခဲ့ပြီးပြီဟု သူက ဆိုသည်။ ထိုငွေများအား အလုပ်အကိုင် ဖန်တီးသည့် နေရာများတွင် သုံးသင့်သည် ဟုလည်း ထောက်ပြထားသည်။

လတ်တလောတွင် အမြတ် မရသေးသော်လည်း လူအများ အလုပ်အကိုင် ရရှိခဲ့သည်ဟု သုတေသန ပြုလုပ် သူများက ထောက်ပြ ထားသည်။

“ဒီ ကမ္ဘာ့ ဖလားပွဲ ကျင်းပတာကြောင့် နိုင်ငံရဲ့နွမ်းပါးမှုကို လျှော့ချမပေးနိုင်ဘူး ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ကမ္ဘာ့ဖလားပွဲ အတွက် ဆောက်လုပ်ရတဲ့ အဆောက် အအုံတွေကြောင့် အလုပ်အကိုင်ပေါင်း တသိန်းခွဲခန့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် စီးပွားကျနေတဲ့ ကာလအတွင်း တက်လာတဲ့ ဝင်ငွေဟာ ဝ.၂ ရာခိုင်နှုန်း က နေ ဝ.၅ ရာခိုင်နှုန်းအထိ တက်လာကို တွေ့ရပါတယ်”ဟု တောင်အာဖရိက နိုင်ငံ လူသားနှင့် သိပ္ပံဆိုင်ရာ သုတေသန ကောင်စီမှ အူဒက်ရှ် ပီလေ ဆိုသူက ပြောသည်။

တောင်အာဖရိကသည် ကမ္ဘာ့ဖလားပွဲ လက်ခံ ကျင်းပရန် အတွက် ကြီးမားအောင်မြင်သော စီးပွားရေး မရှိသေးပါ။ နိုင်ငံလူဦးရေ၏ ၄ဝ ရာခိုင်နှုန်းသည် အလုပ် လက်မဲ့များ ဖြစ်နေသည်။ လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသည် အလုပ် ရှိသော်လည်း ၎င်းတို့၏ ဝင်ငွေမှာ တလလျှင် ဒေါ်လာ ၁ဝဝ အောက်သာ ရှိကြသည်။ ကမ္ဘာ့ဖလားပွဲကို လက်ခံ ကျင်းပခဲ့သည့် နိုင်ငံများဖြစ်သော ဂျာမနီ၊ ကိုရီးယား၊ ဂျပန်နှင့် ပြင်သစ်တို့၏ စီးပွားရေးနှင့် နှိုင်းယှဉ်ပါက တောင် အာဖရိက နိုင်ငံ၏ စီးပွားရေးသည် အောက်ဆုံးအဆင့်မှာ ရှိသည်။

ဖီဖာ၏ လုံခြုံစိတ်ချရသော အင်တာနက်မှတဆင့် လက်မှတ်များ ရောင်းချသည့် စနစ်ကို ကြည့်မည်ဆိုပါက မေးခွန်း ထုတ်စရာ အများအပြား ရှိနေသေးသည်။ အာဖရိကနိုင်ငံ အများအပြားသည် အင်တာနက်မှ တဆင့် လက်မှတ် ဝယ်ယူနိုင်သည့် အခြေအနေမျိုး မရှိကြပေ။ Visa ကုမ္ပဏီသည် လက်မှတ်ရောင်းချခြင်းကို အဓိက စပွန်ဆာ ရပြီး ဧပြီလ ၁၅ ရက်နေ့အထိ အွန်လိုင်းမှ တဆင့် ရောင်းချခဲ့သည်။ ထိုကာလ အတွင်း လက်ခံ ကျင်းပမည့် အိမ်ရှင်နိုင်ငံက ၎င်းတို့ နိုင်ငံသားများအတွက် လက်မှတ်ရုံများ ဖွင့်ပြီး ရောင်းချပေးရန် ဖီဖာကို တွန်းအား ပေးခဲ့ရသည်။ ရလဒ်အားဖြင့် ကမ္ဘာ့ ဖလား ၀င်ခွင့်ရသည့် အာဖရိက နိုင်ငံ ၆ နိုင်ငံ ရှိသော်လည်း တောင်အာဖရိကနိုင်ငံ အပြင်ဘက်မှ အာဖရိက တိုက်သား ဘောလုံး ပရိသတ်အတွက် လက်မှတ်ပေါင်း ၁၁ဝဝဝ သာ ရောင်းနိုင်ခဲ့သည်။ ပြိုင်ပွဲဝင်မည့် ၆ နိုင်ငံမှာ တောင်အာဖရိက၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား နှင့် အယ်လ်ဂျီးရီးယားတို့ ဖြစ်သည်။

အားကစား ဆိုင်ရာ အရာရှိ ဒန်နီဂျော်ဒန်က အာဖရိကနိုင်ငံများ အတွင်း လက်မှတ် ရောင်းချခဲ့ပုံသည် အလွန် စိတ်ပျက် စရာ ကောင်းကြောင်း ဝန်ခံခဲ့သည်။

“လက်မှတ်တွေဟာ အမေရိကန်လို နိုင်ငံမျိုးမှာ ပိုလို့ ရောင်းကောင်းခဲ့တယ်။ အင်တာနက် စနစ်ကလည်း အဆင့် မြင့်တယ် ဆိုတော့ လက်မှတ် ဝယ်သူတွေ အတွက် သိပ်အဆင်ပြေတာကိုး။ အာဖရိက ဘောလုံး ဝါသနာရှင်တွေ အများစုက အကြွေးဝယ်ကတ် ဆိုတာလည်း ရှိမှ မရှိဘဲ။ ဒီကြားထဲ အင်တာနက် စနစ်ကလည်း မကောင်းဘူး။ ငွေ လက်ငင်းရှင်းတဲ့ စနစ်နဲ့သာ လက်မှတ်ကို ဝယ်နိုင်တာ ဆိုတော့ ဒီအင်တာနက်ကနေ ရောင်းတဲ့ စနစ်က အာဖရိကမှာ အလုပ် မဖြစ်ဘူး။ နောင်အတွက် သင်ခန်းစာပေါ့ဗျာ”ဟု သူက ပြောသည်။

ထိုသို့ အာဖရိက နိုင်ငံများ လက်မှတ် ဝယ်ယူရန် ခက်ခဲနေစဉ် အာဖရိကတိုက် မြောက်ပိုင်း နိုင်ငံများတွင်လည်း ကမ္ဘာလှည့် ခရီးသည်များ ၀င်ရောက်မှု လျော့ကျလာသည်။ ကမ္ဘာ့ဖလားပွဲသို့ စုပြုံသွားကြမည် ဖြစ်သောကြောင့် ခရီးသည် ၂ဝဝ ဝဝဝ အထိ လျော့သွားသည် ဟူ၏။

ထို ပမာဏသည် တောင်အာဖရိကနိုင်ငံ၏ နွေရာသီဖြစ်သော နိုဝင်ဘာနှင့် ဖေဖော်ဝါရီလအတွင်း ရောက်လာလေ့ ရှိသည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်နှင့်လည်း တူညီသည်။

ထိုအကျိုးဆက်များကြောင့် အာဖရိကမြောက်ပိုင်း နိုင်ငံများက ခရီးသွားတို့ကို ပြန်လည် ဆွဲဆောင်နိုင်ရန် လေယာဉ်ခ များနှင့် ဟိုတယ်ခ နှုန်းထားများကို လျှော့ချပစ်ကြသည်။ ဒေသခံ လုပ်ငန်းရှင်များလည်း စီးပွား ထိခိုက်သဖြင့် ညည်းညူ နေကြသည်။

နိုင်ငံတကာမှ လက်မှတ် မဝယ်ယူနိုင်သူများ အတွက် ဖီဖာနှင့် စပွန်ဆာ ပေးသူများက ဥရောပ မြို့တော်များတွင် မြင် ကွင်း ကျယ် ရုပ်သံစက်များဖြင့် ပြသရန် စီစဉ်နေသည်။ သို့သော်လည်း တောင်အာဖရိကနိုင်ငံမှလွဲ၍ အခြားသော အာဖရိကတိုင်းပြည်များတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ထိုသို့ စီမံ ဆောင်ရွက်ထားခြင်းမျိုး မရှိပေ။

ဖီဖာ အတွင်းရေးမှူး ဂျရုမ်း ဗဲကီက အာဖရိကရှိ အစိုးရ ရုပ်သံဌာနများကို ဘောလုံးပွဲစဉ်များ အခမဲ့ လွှင့်ခွင့် ပြုမည်ဟု ပြောသည်။

“အာဖရိကနိုင်ငံတွေက မြို့တော်တွေမှာ အများပြည်သူ ကြည့်ရှု အားပေးဖို့ ရုပ်မြင်သံကြား အကြီးစားတွေ တပ်ဆင်ပြီး အခမဲ့ ပြသခွင့် ရမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

တောင်အာဖရိကနိုင်ငံ ကမ္ဘာ့ဖလားပွဲသည် အာဖရိကတိုက် တတိုက်လုံး အတွက် အကျိုးရှိမည်ဟု ယူဆသူ နည်းနေ ဟန် ရှိသည်။ အီသီယိုပီးယား နိုင်ငံ၏ မြို့တော် အဒစ်အဘာဘာရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးဖြစ်သူ တက်ဂီနော ဂက်ရှ်ဟော ဆိုသူက သူ့ဆိုင်တွင် ရုပ်မြင်သံကြားကို အမြဲဖွင့်ထားမည် ဖြစ်ကြောင်း၊ ပရီးမီးယာ ဘောလုံးပွဲများကိုလည်း ဖွင့်နေကျ ဖြစ်ကြောင်း ပြောကြားသည်။

“အာဖရိက နိုင်ငံတခုမှာ ကမ္ဘာ့ဖလားပွဲ ကျင်းပမယ် ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့် စိုးရိမ်တာတော့ ရှိတယ်။ ရာဇဝတ်မှု အလွန်ထူတဲ့ နိုင်ငံ ဖြစ်တော့ လာတဲ့ ပရိသတ်တွေအတွက် ရာဇဝတ်မှု တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အာဖရိက တိုက်ကြီးတခုလုံး မျက်နှာမလှ ဖြစ်ရနိုင်တယ်”ဟု သူက ထင်မြင်ချက် ပေးသည်။

အနောက် အာဖရိကဘက်ခြမ်းမှ အရည်အချင်း ပြည့်မီသော ဘောလုံးအသင်း ၄ သင်း ကမ္ဘာ့ဖလားတွင် ပါဝင် ကစား မည်ဖြစ်သည်။ လူတိုင်းလည်း စိတ်လှုပ်ရှားနေကြသည်။ အိုင်ဗရီကို့စ် နိုင်ငံတွင် လူတိုင်းလိုလို လိမ္မော်ရောင် အင်္ကျီများ ဝတ်ဆင်ကြလိမ့်မည်။ လိမ္မော်ရောင် အစင်းနှင့် ဆင်ပုံများသည် ထိုနိုင်ငံ ကိုယ်စားပြု အမျိုးသားအရောင်နှင့် သင်္ကေတ ဖြစ်သည်။

လူတိုင်းလိုလို မျှော်လင့်ချက်ကြီးစွာ စောင့်စားနေကြသည်။ ချယ်လ်ဆီး အသင်းတွင် ကစားနေသည့် ဒီဒီရေး ဒရော့ဘာ နှင့် ၎င်း၏ ကစားဘက်များ အံ့ဖွယ်သရဲ ခြေစွမ်းပြချက်များကို တွေ့ရတော့မည်လော ဟုလည်း မျှော်လင့်နေကြသည်။

ကမ္ဘာ့ဖလား ပွဲစဉ်များကို အာဖရိကရှိ အလွန်ခေါင်သော ဒေသ ၂ ခုတွင်ပါ ကြည့်ရှုနိုင်ပေလိမ့်မည်။ သို့သော် ဖီဖာ ကို ထိုအတွက် ကျေးဇူးတင်စရာ မလိုပါ။ ကုလသမဂ္ဂက ဇမ်ဘီယာနိုင်ငံ နှင့် ရဝမ်ဒါ နိုင်ငံရှိ ဒုက္ခသည် စခန်းများအတွင်း မြင်ကွင်းကျယ် ရုပ်မြင်သံကြားများ စိုက်ထူ၍ ပြသမည် ဖြစ်သည်။

ဖီဖာက ဥပဒေများနှင့် ကန့်သတ်ထား၍ တောင်အာဖရိက လမ်းဘေး ပျံကျ ဈေးသည်များ အခက် တွေ့နေကြရသည်။ ထိုဥပဒေများသည် ဖီဖာက စပွန်ဆာပေးထားသည့် ကိုကာကိုလာ ကဲ့သို့သော ကုမ္ပဏီများကို ပြိုင်ဘက် ကုမ္ပဏီများ မယှဉ်နိုင်ရန် ကာကွယ် ပေးထားခြင်းသာ ဖြစ်သည်။ လတ်တလောတွင် တောင်အာဖရိက ကုမ္ပဏီများ၊ ရင်းနှီးမြုပ်နှံ ထားသူများအား အကာအကွယ် ပေးရန် လမ်းဘေး ဈေးသည်များကို လျှပ်တပျက် ဖမ်းဆီး အရေးယူမှုပေါင်း လေးရာ ကျော် ရှိနေပြီ ဖြစ်သည်။ ကိပ်တောင်းမြို့ ရဲအဖွဲ့တွင် အထူးတပ်ဖွဲ့ တခု ထားရှိပြီး လမ်းဘေး ဈေးသည်များကို ဂရင်းပွိုင့် အားကစားရုံ တဝိုက်တွင် ဈေးမရောင်းချ နိုင်ရေးအတွက် ဖယ်ရှား ရှင်းလင်းရန် ဖြစ်သည်။

နယ်လ်ဆင် မန်ဒဲလား ပါဝင်သည့် နိုင်ငံတကာ ခေါင်းဆောင်များ အဖွဲ့သည် ဖီဖာ၏ ဥပဒေများနှင့် ပတ်သက်၍ စိုးရိမ် မကင်း ဖြစ်မိကြောင်း ကြေညာာချက် ထုတ်ထားသည်။ အိုင်းရစ်ရှ် သမ္မတဟောင်း မေရီရော်ဘင်ဆင်က လမ်းဘေး ဈေးသည်များ လမ်းပေါ်မှ ဖယ်ရှားခြင်း ခံနေရကြောင်း ပြောကြားသည်။ ကမ္ဘာ့ဖလားပွဲ ကျင်းပသည့် အကျိုးဆက်ကြောင့် ပြည့်တန်ဆာ လုပ်ငန်း အတွက် လူကုန်ကူးမှုများ ဖြစ်လာနိုင်ခြေလည်း ရှိနေသည်။

ဤအတောအတွင်း အနုပညာရှင်တချို့က ဂျိုဟန်နက်စ်ဘတ်မြို့တွင် ပြုလုပ်မည့် စင်တင် ဂီတ ဖျော်ဖြေပွဲကို သပိတ် မှောက်ရန် လှုံ့ဆော်ထားရာ ထောက်ခံမှု အများအပြား ရရှိနေသည်။

ဖီဖာက ရုပ်သံ လွှင့်ခွင့် ရောင်းရငွေများနှင့် ဘောလုံးနည်းပြ ကျောင်း ၂ဝ အား အာဖရိကတိုက်အတွင်း တည်ထောင်မည့် သတင်း ကြားရသူ အပေါင်းက ဒေါသထွက်ကြသည်။ တချိန်တည်းတွင် တောင်အာဖရိက အစိုးရသည် နိုင်ငံ အတွင်း လျှပ်စစ်မီးအား မြှင့်တင်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ငွေချေးရန် တင်ပြထားသည်။

လော့စ် အင်ဂ်ျလိစ် အခြေစိုက် အဖွဲ့တခုက စုစည်းတင်ဆက်မည့် စင်တင်ဂီတ ဖျော်ဖြေပွဲသည် အမေရိကန် လုပ်ဟန် သက်သက်သာ ဖြစ်ကြောင်း တောင်အာဖရိက အနုပညာရှင်များက ဝေဖန်ခဲ့သည်။ တောင်အာဖရိက ဖန်တီးမှု အလုပ် သမားများ သမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မဘူသိုကစ် စီသိုလီက“တောင်အာဖရိက နိုင်ငံက အနုပညာသည် တွေဟာ နိုင်ငံတကာ က ကျော်ကြားတဲ့ အနုပညာသည်တွေနဲ့ တန်းတူ အရည်အသွေး ရှိပါတယ်။ ဒီဒေသခံ အနုပညာရှင်တွေကို မဖြစ်မနေ ပါဝင် ဖျော်ဖြေခွင့် ပေးရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ၎င်းတို့ သမဂ္ဂက ဒေသခံ အနုပညာသည် ၈ဝ ရာခိုင်နှုန်း ဖျော်ဖြေခွင့် ရရန် တောင်းဆိုခဲ့သော်လည်း ၃ ဦးသာ ပါဝင်ခွင့်ရခဲ့သည်ဟု သိရသည်။

အာဖရိကလူဖြူ အသိုင်းအဝိုင်းကလည်း ကမ္ဘာ့ဖလားပွဲကို လူမျိုးရေးအရ နိုင်ငံခြားသားကြောက်ရောဂါ တွယ်ကပ်နေ သော ပွဲတခုအဖြစ် ရှုမြင်ကြသည်။ သို့သော်လည်း ဒေသခံ သတင်းမီဒီယာများ၏ အဆိုအရ နောက်ဆုံး ဗိုလ်လုပွဲ အပြီး နောက်တနေ့ ဇူလိုင် ၁၂ ရက်နေ့၌ တောင်အာဖရိကနိုင်ငံတွင် နေထိုင်သောလူဖြူများ တိုက်ခိုက်ခံရဖွယ်ရှိသည့် သတင်းများ နယ်တွင် ပျံ့နေသည်ဟု သိရသည်။ တောင်အာဖရိကနိုင်ငံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အခြေချသူများ ဆိုင်ရာအဖွဲ့ကြီးက ထို ခြိမ်းခြောက်မှုများကို သုံးသပ်နေသည်။

အလုပ် အများရဆုံးကိစ္စရပ်တခုမှာ သာမန် တောင်အာဖရိက နိုင်ငံသားများ အတွက် ပွဲတော်ရက် အတွင်း မြို့ပြင်မှ လူများအား မြို့တွင်းသို့ သယ်ယူ ပို့ဆောင်ရေးအတွက် ဘတ်စ်ကား လိုင်းများ တိုးချဲ့ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ဂျိုဟန်နက်စ်ဘတ် မြို့တော်အတွင်း စတင် ပြေးဆွဲသည့် ဘတ်စ်ကား တစီး တိုက်ခိုက်ခံရသည်။ နိုင်ငံအတွင်းရှိ အင်အား ကောင်းသော ဘတ်စ်ကား လုပ်ငန်းရှင်များက ပွဲတော် ရက်များအတွင်း လမ်းပိတ်ဆို့မည်ဟုလည်း ခြိမ်းခြောက်ထားသည်။ နိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို လက်ဝါးကြီးအုပ်ထား သည့် ၎င်းတို့နှင့် အစိုးရက မည်သို့မည်ပုံ သဘောတူညီချက် ရရှိထားကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒေသခံ အားကစား ဆိုင်ရာ စည်းရုံးရေး ဥက္ကဋ္ဌ ဒန်နီဂျော်ဒန်က ပွဲစဉ်ပေါင်း ၆၄ ပွဲ ပါရှိသော ကမ္ဘာ့ဖလား ပွဲတော်ရက် သည် လနှင့်ချီ ကြာမည်ဟု ပြောသည်။ ဤပွဲတော်သည် နိုင်ငံတော် တည်ဆောက်ရေး အသွင်ဆောင်၍ နည်းများမဟူ ဝင်လာသည့် ငွေကြေးသည် တန်ဖိုးရှိသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့ဖလား ပွဲတော်ကြောင့် အာဖရိက တိုက် ၏ အသံကို နိုင်ငံတကာက အရင်ကထက် ပိုပြီး ကြားလာရမည်ဟုလည်း သူက ပြောသည်။ တောင်အာဖရိက အစိုးရ သုံးစွဲခဲ့သည့် ဘီလီယံ ဒေါ်လာ ပမာဏရှိသည့် ငွေကြေးများသည် အကျိုးမဲ့မည် မဟုတ်ဟု သူက စောဒက တက်သည်။

“အသစ်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ ဥပမာအားဖြင့် လမ်းတွေ၊ လေဆိပ်ကို ပြင်ဆင်တာတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေး အတွက် ရင်းနှီးခဲ့တာတွေဟာ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာဖို့ အတွက် အကျိုး ရှိစေ ပါတယ်”ဟု မဘူသိုကစ် စီသိုလီ က ထောက်ပြသည်။

Alex Duval Smith ရေးသားသည့် The ugly truth about the beautiful game ကို ဆီလျော်အောင် ပြန်ဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့