..............................

Thursday, June 10, 2010

စစ်အစိုးရက ၁ဝ၊ ၁ဝ၊ ၂ဝ၁ဝ နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဂျင်မ်ဝက်ဘ် ခန့်မှန်း

ဇွန် ၁ဝ၊ ၂ဝ၁ဝ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လာမည့် အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြုလုပ်ဖွယ် ရှိသည်ဟု အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က ဗုဒဟူးနေ့တွင် ခန့်မှန်းလိုက်သည်။ စစ်အုပ်စုက ဒီမိုကရေစီ အတိုက်အခံများကို ဖယ်ထုတ် ထားသော်လည်း ထိုရွေးကောက်ပွဲတွင် မဲထည့်ကြရန်လည်း ဂျင်မ်ဝက်ဘ်က တိုက်တွန်းလိုက်သည်။

ဂျင်မ်ဝက်ဘ်သည် စစ်အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးနေသည့် ထိပ်တန်း အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။ ပြီးခဲ့သည့်လက မြန်မာပြည်သို့ သွားရောက်ရန် ပြင်ဆင် ထားသော်လည်း မြောက်ကိုရီးယားက မြန်မာပြည်တွင် နျူကလီးယား လက်နက် တပ်ဆင်ပေးရန် ကူညီနေသည်ဟူသော သတင်းများ ပေါ်ပေါက်လာသဖြင့် ခရီးစဉ် ဖျက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရက ရက်အတိအကျ သတ်မှတ်ခြင်း မရှိသေးပေ။

“ကျနော် ကြားနေရတာကတော့ သူတို့ ၁ဝ-၁ဝ-၁ဝ ရက်နေ့မှာ လုပ်လိမ့်မယ်” ဟု ဂျင်မ်ဝက်ဘ်က ပြောသည်။

ထိုရွေးကောက်ပွဲကို စစ်အစိုးရ စိတ်ကြိုက် စီစဉ်ထားသည်ကို သဘောပေါက်ကြောင်း ဂျင်မ်ဝက်ဘ်က ပြောသည်။ သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် တချို့ လွှတ်တော်တွင် နေရာရဖွယ် ရှိသဖြင့် တိုးတက်သည့် ခြေလှမ်းဟု သူက ဆိုသည်။

“အရှေ့တောင် အာရှမှာ အနာဂတ်ကို တည်ဆောက်ဖို့ ဆိုရင် တဆင့်ချင်း သွားရမယ်လေ” ဟု ဂျင်မ်ဝက်ဘ်က ပြောသည်။

“တရုတ်ပြည်မှာ ဘယ်တုန်းက နောက်ဆုံး ရွေးကောက်ပွဲ လုပ်ခဲ့သလဲ၊ ဗီယက်နမ်မှာရော ရွေးကောက်ပွဲ နောက်ဆုံး လုပ်ခဲ့တာ ဘယ်တုန်းကလဲ” ဟု သူက မေးခွန်း ထုတ်လိုက်သည်။

မစ္စတာဝက်ဘ်၏ မူဝါဒများကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ ၎င်းတို့က ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်ဖြစ်အောင် လုပ်မည့် ခြေလှမ်းဖြစ်သည်ဟု ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော်လည်း သူသည် အာဏာ လွှဲအပ်ခြင်း မခံခဲ့ရဘဲ ပြီးခဲ့သည့်နှစ် အများစုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့