..............................

Friday, June 11, 2010

ကမ္ဘာ့ဖလားပွဲ မစမီ ကားတိုက်မှုကြောင့် တောင်အာဖရိကသမ္မဟောင်း နယ်လ်ဆင်မင်ဒဲလား၏ မြေးမလေး သေဆုံး

NEJ / ၁၁ ဇွန် ၂၀၁၀

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၏ အချစ်ဆုံး မြေးမလေးဖြစ်သူ အသက် (၁၃) နှစ်အရွယ်ရှိ ဇီနာနီမင်ဒဲလားသည် ယနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားသည့် ကားတိုက်မှုတခု၌ သေဆုံးခဲ့သည်။

ကြာသပတေးနေ့ညတွင် ဂျိုဟန်နက်စ်ဘတ်ဂ်မြို့ပြင်ရှိ ဆိုဝီတိုမြို့၊ အော်လန်ဒို အားကစားကွင်း၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲမှ အိမ်သို့ ပြန်လာရာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နယ်လ်ဆင်မင်ဒဲလားဖောင်ဒေးရှင်းက အတည်ပြုပြောကြားသည်။

ကားတိုက်မှုတွင် ဇီနာနီမင်ဒဲလားမှလွဲ၍ မည်သူတဦးတယောက်မျှ သေဆုံးခြင်းမရှိကြောင်း ရဲအရာရှိက ပြောဆိုသည်။ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးရဲအရာရှိ တွမ်မီရှိုင်းက ဇီနာနီမင်ဒဲလား သေဆုံးမှုအတွက် ကားမောင်းသူကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း အတည်ပြုပြောကြားပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိပေ။

ဇီနာနီမင်ဒဲလားသည် သူမ၏ (၁၃) နှစ်ပြည့်မွေးနေ့အပြီး နှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နယ်လ်ဆင်မင်ဒဲလား၏ မြေး (၉) ဦးအနက်မှ တဦးဖြစ်သည်။ ဇီနာနီမင်ဒဲလား ကွယ်လွန်သည့် သတင်းက ကျင်းပတော့မည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအပေါ် အရိပ်သဖွယ် လွှမ်းမိုးသွားခဲ့သည်။

ဤကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြောင့် သမ္မဟောင်း နယ်လ်ဆင်မင်ဒဲလားအနေဖြင့် ယနေ့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း နယ်လ်ဆင်မင်ဒဲလား ဖောင်ဒေးရှင်းက ကြေညာချက်တစောင် ထုတ်ပြန်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာကလည်း ကားတိုက်မှုတွင် (၁၃) နှစ်အရွယ် မြေးမလေး သေဆုံးခဲ့ရမှုသည် ပြောမထွက်နိုင်လောက်အောင် ဆိုးရွားသည့် ကြေကွဲဖွယ်ဖြစ်ရပ်တခုဖြစ်ကြောင်း နယ်လ်ဆင်မင်ဒဲလားထံ စာတစောင် ရေးသားပေးပို့ခဲ့သည်။

တောင်အာဖရိကနိုင်ငံတွင် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပခွင့်ရရှိအောင် ကမကထပြု ဦးဆောင်မှုပေးခဲ့သည့် သမ္မဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ဇူလိုင်လ (၁၈) ရက်နေ့တွင် အသက် (၉၂) နှစ်ပြည့်မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့