..............................

Wednesday, June 9, 2010

နယ်ခြားစောင့်တပ်ကိစ္စ DKBA ကို ပြင်းထန်စွာ သတိပေး

ဘစောတင်
Tuesday, June 08, 2010

စစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ နယ်ခြားစောင့် တပ်ဖွဲ့ရန် ပြီးခဲ့သော စနေနေ့တွင် ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တပ်မဟာ ၅ မှ အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့် တပ်မဖွဲ့ပါက လက်နက် ဖြုတ်သိမ်းမည်၊ လက်နက် ဖြုတ်သိမ်း သည်ကို လက်မခံပါက အင်အားသုံး၍ အပြီးပြတ် တိုက်မည်ဟု ပါရှိကြောင်း သိရသည်။

ယင်းသို့ နအဖ က သတိပေးသည်ကို တပ်မဟာ ၅ မှ အရာရှိအများစုက လိုက်နာရန် ဆန္ဒမရှိကြောင်း အထက်ပါ အရာရှိက ဆက်လက် ပြောဆိုသည်။

“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ကို အတင်းဖွဲ့ စည်းခိုင်းတယ်၊ ကျနော်တို့က မဖွဲ့စည်းချင်ဘူး၊ နအဖ ဘက်က စတင်ပြီး ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း ခုခံရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်”ဟု ၎င်း က ဆိုသည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ ရန်ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများလည်း ရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ကို လက်မခံဟု DKBA အဖွဲ့ဝင်တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများ နှင့် ရောယှက် ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များ က ပြောဆိုကြသည်။

ယင်းသို့ DKBA အဖွဲ့ အစည်းအတွင်း ထိပ်ပိုင်းခေါင်းဆောင်များ ကြားတွင်လည်းကောင်း၊ အထက်နှင့် အောက် အဆင့်များကြားတွင် လည်းကောင်း နယ်ခြားစောင့်တပ် ဖွဲ့ခြင်းကို အကြောင်းပြု၍ သဘောထား ကွဲလွဲနေစဉ် နအဖက အခွင့်ကောင်း ယူကာ ယခုကဲ့သို့ တပ်မဟာ ၅ ကို သတိပေးဟန်တူကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့် ရှိသူက သုံးသပ်သည်။

“DKBA က နယ်ခြားစောင့်တပ်ဖွဲ့ ဖို့ ဖိအားပေးနေတာကို အရင်လတွေကလည်း ကြားနေရတယ်၊ ဒါပေမယ့် အခုလောက်ထိတော့ ပြင်းပြင်း ထန်ထန် မဟုတ်ခဲ့ဘူး၊ အခုလို DKBA အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ အထက်တမျိုး အောက်တမျိုး ဖြစ်နေတဲ့ အနေ အထားတွေ၊ နအဖ အရာရှိတွေ အောက်မှာ မလုပ်ချင်တဲ့ အနေအထားတွေ၊ ဒါတွေကတော့ နအဖ အတွက် အကွက်ပဲ၊ ပွဲလန့်တုန်း ဖျာခင်း ဆိုသလို ထိုးခွဲ လိုက်ရုံပဲလေ၊ ကိုယ်ပိုင် ပြဌာန်းခွင့်ကို လိုလားသူတွေ အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့က လွဲပြီး ရွေးစရာလမ်း ဘယ်ရှိတော့မလဲ”ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ပြောသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန် အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ အဖွဲ့များသာ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲခဲ့သည်။

တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်အစိုးရက မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့