..............................

Tuesday, June 8, 2010

စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းပေါက်ကြား

NEJ / ၀၇ ဇွန် ၂၀၁၀

မြန်မာနိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်သည့် သတင်းမှတ်တမ်း တခု ပေါက်ကြား ခဲ့ပြီးသည့်နောက် မြန်မာ စစ်အစိုးရသည် နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်မှာ ထင်ရှားကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် ဧဂျင်စီ ( IAEA) မှ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီက ထုတ်ဖော် ပြောကြားလိုက်သည်။

အဆိုပါ သတင်းမှတ်တမ်းကို နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက (၅) နှစ်ကြာ စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ် ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် သောကြာနေ့ ဇွန် (၄) ရက်တွင် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

စုံစမ်းထောက်လှမ်းမှုများအတွက် အရေးပါသည့် အထောက်အထား စာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို မြန်မာ စစ်တပ်မှ နျူးကလီးယား တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဒီဗွီဘီအား ပေးအပ်ကာ ဖော်ထုတ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြိုင်မြို့ နျူကလီးယား စီမံကိန်းစက်ရုံတွင် ဒုတိယတာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ တဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့သူဖြစ်သည်။

၎င်းက ဒီဗွီဘီသို့ ဆက်သွယ်ပြီး ပေးပို့ထားသည့် အထောက်အထား အချက်အလက် မှတ်တမ်းများအရ မြန်မာ စစ်တပ်သည် ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှထံမှ လေ့ကျင့် သင်ယူနေသော အထောက်အထား များကိုလည်း ဖော်ထုတ် ပေးနိုင်ခဲ့သည်။

“သူတို့ တကယ်လိုချင်နေတာ နျူကလီးယားဗုံးပဲ။ ဒါဟာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ” ဟု စိုင်းသိန်းဝင်း၏ ပြောကြားချက်ကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားတွင် လွှင့်ထုတ်ခဲ့သည်။

အဆိုပါ အချက်အလက်မှတ်တမ်းများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်းကာ လေ့လာခဲ့သည့် ရောဘတ်ကယ်လီ ကလည်း မြန်မာ စစ်အစိုးရ၏ နျူကလီးယား လက်နက်များ ထုတ်လုပ်မှု အကြောင်းကို အထူးဆောင်းပါး တစောင် ရေးသား ဖော်ထုတ် လိုက်ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဒုံးပျံနှင့် နျူကလီးယားစီမံကိန်းများအတွက် နမူနာစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ဗိုလ်မှူးစိုင်းသိန်းဝင်းက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ နျူကလီးယား တပ်ရင်း၏ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း၊ နျူကလီးယား သန့်စင်စက်ရုံများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဓာတ်ပုံများနှင့်တကွ ပြသ ပြောဆိုခဲ့သည်ဟု မစ္စတာ ကယ်လီက တင်ပြထားသည်။

ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်းပြသသည့် ဓာတ်ပုံများအရ စစ်အစိုးရသည် နျူးကလီးယားဗုံး လုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း အခိုင်အမာ သိရှိရပြီး ယင်းအချက်သည် လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်ကို ထင်ရှားစေသည်ဟု ၎င်းကဆိုသည်။

“စစ်အစိုးရက ပလူတိုနီယမ်ကို နျူကလီးယားဗုံး ပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက်နေတဲ့ အကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းကို ပြောပြပါတယ်တဲ့” ဟု မစ္စတာကယ်လီက ဆောင်းပါးတွင် ကိုးကားဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည့် ယူရေနီယမ်များကို reactor နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူကလီးယား ဗုံးလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင် စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း တို့ကိုလည်း ဗိုလ်မှူး စိုင်းသိန်းဝင်း၏ အထောက်အထားများ အရ တွေ့ရှိရသည်ဟု ဆက်လက် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်း မရှိသေးဟု ဒီဗွီဘီ၏ အတိုင်ပင်ခံအဖွဲ့များက ယူဆခဲ့ကြောင်း၊ သို့သော် ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အခြားရရှိသော အချက်အလက်များအရ စစ်အစိုးရသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည် အထိ ရည်မှန်းထားပြီး ယင်းအတွက် အရင်းအမြစ်များ တိုးချဲ့ သုံးစွဲနေသည်မှာ ထင်ရှားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအနုမြူစွမ်းအင် ဧဂျင်စီ (IAEA) နှင့် ၁၉၉၅ ခုနှစ်တွင် နျူကလီးယား လက်နက်များ ရရှိရေး မကြိုးပမ်းပါ ဟူသော အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားသော်လည်း ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာသည့် အထောက်အထားများအရ မြန်မာ စစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် IAEA နှင့် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း မစ္စတာကယ်လီက တင်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့