..............................

Thursday, February 4, 2010

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားကြ

တပ်မတော်သားဟောင်းတဦး
၎/ ဖေဖော်ဝါရီ ၂၀၁၀

ပြည်တွင်း ပြည်ပ၊ ပါတီတွင်း ပါတီပ အကြောင်းအချက်များအရ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အုပ်စုရဲ့ ဗကပ ဖြိုခွဲရေး လုပ်ကြံမှု အောင်မြင် သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဗမာပြည် လက်နက်ကိုင် တော်လှန်ရေး ဒီရေဟာ နိမ့်ဆင်း သွားခဲ့တယ်။ အဲဒီအခြေအနေမှာ မိုးဦးကျ မှိုတွေ၊ မျှစ်တွေ အလျှိုအလျှို ပေါက်လာသလို အပစ်ရပ် အဖွဲ့တွေ ပေါ်လာကြတယ်။

န၀တစစ်အုပ်စုဟာ အပစ်ရပ်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက် ကိုင်ဆောင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချခွင့်ကိုတောင် ပေးခဲ့တယ်။ ရည်ရွယ်ချက်က အပစ်ရပ် အဖွဲ့တွေကို အမျိုးသား တန်းတူရေး နိုင်ငံရေး အင်အားစုများ အဖြစ်မှ စီးပွားရေး အင်အားစုများ အဖြစ် ပြောင်းလဲ ဖျက်ဆီးပစ်ဖို့ ဖြစ်တယ်။ သူတို့ အလိုကျ မဖြစ်ရင် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတဲ့ အဖွဲ့အစည်းများ အဖြစ် တရားခံရှာဖို့ ဖြစ်တယ်။ ဒီနည်းနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး လက္ခဏာ လုံးပါး ပါးစေပြီး၊ အဲဒီ အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် တပ်တွေကို အပိုင်စီးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ ဖြစ်တယ်။ တပြည်လုံးဆိုင်ရာ အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုကြီးနဲ့ ကင်းကွာ သွားစေဖို့ ဖြစ်တယ်။

၁၉၈၉ ကာလနဲ့ အဲဒီမတိုင်မီကာလများက န၀တ စစ်အုပ်စုရဲ့ အဓိက ဦးတည်ရန်သူဟာ ဗကပ ဖြစ်တယ်။ တပြည်လုံး လက္ခဏာနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ အဓိက နိုင်ငံရေး အင်အားစု ဗကပ ပြိုကွဲသွားပြီလို့ ယူဆပြီးတဲ့နောက် နအဖရဲ့ အဓိက ဦးတည်ရန်သူဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အပြတ် အောင်ပွဲရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖြစ်လာတယ်။ အန်အယ်လ်ဒီကို ဦးတည် ချေမှုန်းနိုင်ဖို့ အန်အယ်လ်ဒီက သပိတ်မှောက်ထားတဲ့ ညောင်နှစ်ပင် ညီလာခံကို ‘အပစ်ရပ်အဖွဲ့’ တွေ တက်လာအောင် နအဖ က အကွက်ဆင်ခဲ့တယ်။ အပစ်ရပ်အဖွဲ့တွေ အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစု မှန်သမျှအကြား အပြန်အလှန် ဆက်စပ်ခွင့် မရအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ချုပ်ချယ် ကန့်သတ်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသား တန်းတူရေးလှုပ်ရှားမှုကို မပေါင်းစည်း မိအောင် ရည်ရွယ်တာပဲ ဖြစ်တယ်။

အပစ်အခတ်စရပ်စဉ်က အပစ်ရပ်အဖွဲ့တွေရဲ့ အမျိုးသား တန်းတူရေးဆိုင်ရာ နိုင်ငံရေး တောင်းဆိုချက်တွေကို နအဖက ထမင်းရည်ပူလာ လျှာလွှဲ လုပ်ခဲ့တယ်။ သူတို့ (နအဖ) ဟာ တပ်မတော် အစိုးရ ဖြစ်တဲ့အတွက် နောင်တက်လာမယ့် အရပ်သား အစိုးရနဲ့ကျမှ ဆွေးနွေးပါဆိုပြီး ပယ်ချခဲ့တယ်။ အန်အယ်လ်ဒီကို ဦးတည် တိုက်ခိုက်ဖို့ လိုအပ်လာမှ အပစ်ရပ် အဖွဲ့တွေကို ညောင်နှစ်ပင် ညီလာခံထဲ ဆွဲသွင်း လာတာဖြစ်တယ်။ အပစ်ရပ် အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသား တန်းတူရေးဆိုင်ရာ နိုင်ငံရေး တောင်းဆိုချက်တွေကို တင်ပြ တောင်းဆိုခဲ့ပေမယ့် ဘာတခုမှ အသိအမှတ်ပြု မခံခဲ့ကြရဘူး။

၁၉၉၈ တုန်းက န၀တရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်ဟာ ဗကပ ဖြိုခွဲရေး၊ ဒီမိုကရေစီ အင်အားစုများ၊ တောခို ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဗကပ အကြား အဆက်ဖြတ်ရေး၊ ၁၉၆၆ ခုနှစ်က တရုတ်-ဗမာအရေးအခင်း ဖန်တီး မိခဲ့လို့ မျက်နှာ ပျက်ခဲ့ရတဲ့ တရုတ်အစိုးရနဲ့ ပြန်လည် ရင်ကြားစေ့ရေးဖြစ်တယ်။

လက်ရှိ နအဖရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး၊ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီကို အပြတ်ချေမှုန်းရေး၊ နိုင်ငံတကာရောက် ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဒီမိုကရေစီ အင်အားစုများအား အညံ့ခံ ပြည်တော် ပြန်လာစေရေး၊ ၎င်းတို့ အကျိုးစီးပွား အတွက် အမေရိကန်နဲ့ ပြန်လည် ရင်ကြားစေ့ရေး ဖြစ်တယ်။

ဖော်ပြပါ လက်တွေ့နိုင်ငံရေးစီမံချက်ရဲ့ အရေးကြီး အစိတ်အပိုင်း အဖြစ် နအဖဟာ အပစ်ရပ် အဖွဲ့တွေရဲ့ လက်နက်ကိုင်တပ် တွေကို နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ် အသွင်ပြောင်းဖို့ နည်းမျိုးစုံနဲ့ ဖိအား ပေးနေတယ်။ အဖွဲ့အစည်းတွေကိုတော့ အဆိပ်မရှိတဲ့ မြွေဖြစ်အောင်လုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သနပ်ခါးလိမ်း ပန်းပန်ပေးရေးမှာ အသုံးချနိုင်ဖို့ ကြံစည်နေတယ်။

လက်တွေ့မှာ အပစ်ရပ်အဖွဲ့အများစုဟာ နယ်ခြားစောင့်တပ် လုပ်ရေး၊ ပြည့်သူ့စစ် လုပ်ရေးကို ငြင်းဆန် နေကြတယ်။ နယ်ခြားစောင့်တပ် လုပ်ရေး လက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ တပ်မှူး၊ တပ်သားတွေဟာလည်း စုဖွဲ့မှု ကာလ အတွင်းမှာပဲ ထွက်ပြေး နေကြတယ်။ ဒီဖြစ်ရပ်တွေက တဆင့် သိနိုင်တာက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အန်အယ်လ်ဒီနဲ့ အပစ်ရပ် အဖွဲ့တွေဟာ ရပ်တည်ချက် တူနေကြပြီ ဆိုတာပဲဖြစ်တယ်။ လက်ရှိအခြေအနေ၊ အချက်အလက်တွေကို ကြည့်ရင် အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစုများနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ကံတူ အကျိုးပေးဆိုတာ ထင်ရှားနေပြီ ဖြစ်တယ်။

တလျှောက်လုံး နအဖစစ်အုပ်စုရဲ့ အပိုင်စီး အသုံးချခံနေရတဲ့ တပ်မတော်တွင်းမှာလည်း အထက်အောက် ခံစားခွင့် အကျိုးစီးပွား ကွာဟာချက် ကြီးမားတာကြောင့် တပ်တွင်း မကျေနပ်မှုတွေ တနေ့တခြား ကြီးထွား လာနေပြီဖြစ်တယ်။ အမိန့်နာခံမှု ကောင်းတယ်ဆိုတဲ့ တိုက်ခိုက်ရေး တပ်မတွေ အတွင်းမှာတောင် ဆန္ဒပြမှုတွေ ပေါ်တဲ့ အတွက် ဖမ်းတာ ဆီးတာတွေ လုပ်ပြီး ကြိုးစား ထိန်းသိမ်း နေရတယ်။ တပ်ပြေးတွေ တနေ့တခြား ပိုများလာပြီး ဖွဲ့စည်းပုံ ပြည့်ရေး အတွက် ပြည်တွင်းပြည်ပက ဆန့်ကျင် နေတဲ့ကြားက ကလေး စစ်သား စုဆောင်းရေးကို မျက်နှာပြောင်တိုက် လုပ်နေရတယ်။ လတ်တလောမှာ လစာ (၁) သိန်းအောက် ၀န်ထမ်းတွေကို လစာ (၂) သောင်း ထပ်တိုးပေးမယ် ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီသတင်းသာ အတည်ဖြစ်ရင် တပ်တွင်းမငြိမ်သက်မှုကို အကြောင်းပြုပြီး ပေါ်လာတဲ့ စီမံချက်လို့ ယူဆနိုင်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုးဟာ ဆေးမြီးတိုသာဖြစ်ပြီး တပ်ကို တကယ်တမ်း တည်ငြိမ်အောင် ထိန်းနိုင်တဲ့ နည်းလမ်း မဟုတ်ဘူး။

တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့ဆိုရင် တပ်ပြုပြင်ပြောင်းလဲရေးကို အခြေခံကစပြီး လုပ်ရမယ်။ ဆိုလိုတာက တပ်မတော်ကို အသုံးချပြီး စီးပွားရေးမှန်သမျှ စစ်အုပ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ် နေတာတွေကို ရပ်ဆိုင်းပစ်ရမယ်။ တပ်တွင်း အထက်အောက် ရပိုင်ခွင့်ကွာဟမှု ကြီးမား နေတာကို တရားမျှတမှု ရှိအောင် ပြုပြင်ပစ်ရမယ်။ လွတ်လပ်တဲ့ တပ်တွင်း ဒါဘာ ဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်ပြီး အောက်ခြေ အကြပ် တပ်သားများရဲ့ တရားမျှတတဲ့ တင်ပြချက်များကို ဖြေရှင်းပေးရမယ်။ ဒါတွေကို အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ ဆိုရင် စစ်အုပ်စုရဲ့ အမိန့်ပေး ဌာနအောက်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပ်မတော်ဟာ ပြည်သူတွေ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်အရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အစိုးရအပေါ် သစ္စာခံမှ၊ စစ်အစိုးရ၊ စစ်အာဏာရှင် စနစ်၊ စစ်ဗျူရိုကရက် ယန္တရားကို ဖျက်သိမ်းပစ်မှသာ ဖြစ်နိုင်မယ်။

အထက်ပါအချက်က တဆင့်သိနိုင်တာက တပ်မတော်တွင်း အောက်ခြေတပ်မှူး အကြပ် တပ်သားများရဲ့ ဘ၀ တိုးတက် ကောင်းမွန်ရေးဟာ လစာတိုးပေးတာ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် စစ်အုပ်စုရဲ့အရပ်ဝတ် ရုပ်သေး အစိုးရတရပ် တည်ရှိရေး … စတာတွေ မဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ တပ်မတော်တွင်း အောက်ခြေ တပ်မှူး၊ တပ်သားတွေဟာ စစ်အာဏာရှင် စနစ်ရဲ့ ဖိနှိပ်မှုကို ခံနေကြရတဲ့ ဘ၀တူတွေဖြစ်တယ်။ ဒါကြောင့် ဒီအင်အားစု သုံးခုဟာ အပြန်အလှန် ထောက်ခံ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားမှသာ မိမိတို့အသီးသီးရဲ့ ရည်မှန်းချက်တွေ အထမြောက်နိုင်မှာ ဖြစ်တယ်။ ပြည်သူ တရပ်လုံးရဲ့ အားပေး ထောက်ခံ ပါဝင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်။ အကြောင်းကတော့ ဒီအင်အားစု သုံးခုရဲ့ အရေးဟာ လူမျိုးစုံ ပြည်သူ တရပ်လုံးရဲ့ အရေးတော်ပုံနဲ့ ပေါင်းစည်း နေလို့ဖြစ်တယ်။ ပေါင်းစပ်မှု မရှိဘဲ တကွဲတပြား လှုပ်ရှားရင် ရောက်ချင်တာက နိဗ္ဗာန်၊ ရောက်ရတာက ငရဲဖြစ်လိမ့်မယ်။

ဘယ်လိုအပြန်အလှန်ပေါင်းစပ်ကြမလဲ။ ဥပမာတခု အနေနဲ့ ထုတ်ပြရရင် အပစ်ရပ် အဖွဲ့တွေကို နအဖက အကြမ်းဖက် စစ်ဆင်လာခဲ့ရင် ဒီမိုကရေစီ အင်အားစု မှန်သမျှက လူထုကြီးကို စည်းရုံးပြီး ပြည်တွင်းစစ် ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး လူထု လှုပ်ရှားမှုကြီးနဲ့ နအဖ လုပ်ရပ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုများရဲ့ လူထု လှုပ်ရှားမှုများကို နအဖက အကြမ်းဖက် ဖြိုခွဲလာခဲ့ရင် အပစ်ရပ် အဖွဲ့များအနေနဲ့ လူထု ဆန္ဒပြ ဖော်ထုတ်မှုကို ထောက်ခံရေး၊ ဒီမိုကရေစီ ရရှိရေး၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင် ကန့်ကွက်ရေး စတဲ့ လှုပ်ရှားမှုများနဲ့ နအဖကို ဆန့်ကျင်ဖို့ ဖြစ်တယ်။

တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ် အင်အားစုများ ကလည်း အထက်ဖော်ပြပါ အရေးအခင်းမျိုး ရင်ဆိုင်လာရတဲ့ အခါ ဒီမိုကရေစီ အင်အားစုများ၊ အပစ်ရပ် အဖွဲ့များ၊ ပြည်သူများရဲ့ တောင်းဆို လှုပ်ရှားမှုများ ဘက်က ရပ်တည်ရေး၊ ပြည်တွင်းစစ် ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ လူထုအား အကြမ်းဖက် ပစ်ခတ်ရန် ပေးတဲ့ အမိန့်မှန်သမျှ မနာခံရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ခံ ပါဝင်ဖို့ ဖြစ်တယ်။

တချိန်တည်းမှာ တပ်မတော်သားများရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အပစ်ရပ် အဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် လူမျိုးစုံ ပြည်သူ တရပ်လုံးက အုံကြွ ထောက်ခံရေး၊ တပ်မတော်သားများကို နည်းမျိုးစုံဖြင့် ကူညီရေး၊ ကာကွယ် စောင့်ရှောက်ရေး ဖြစ်တယ်။ ဒီနည်းနဲ့သာ ဒီမိုကရေစီ အင်အားစုများ၊ အပစ်ရပ် အင်အားစုများ၊ တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သား မျိုးချစ် ပြည်ချစ် အင်အားစုများရဲ့ အရေးတော်ပုံ (၀ါ) လူမျိုးစုံ ပြည်သူ တရပ်လုံးရဲ့ အရေးတော်ပုံဟာ အောင်ပွဲ ရနိုင်မှာ ဖြစ်တယ်လို့ ယူဆပါတယ်။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့