..............................

Saturday, February 6, 2010

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ

ဖိုးသံချောင်း
ဖေဖော်ဝါရီလ ၅ ရက် ၂၀၁၀

စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာ လက်လွှတ်ရတဲ့ အဖြစ်ကို မရောက်မီမှာဘဲ အပြောင်း အလဲတွေကို ဒင်းတို့ ဖြတ်သန်း ရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိ တည်ရှိနေတဲ့ ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့ အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေ လွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့် ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာ သိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံ လဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။

အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်ပိုင် ပြုလုပ်ပြီး နောက်အစိုးရ အတွက် အညံ့အဖျင်းတွေကို ချန်ထားတာ၊ နိုင်ငံပိုင် လုပ်ငန်းတွေကို သူတို့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေ အတွင်း၊ တပ်တွေ အတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့ အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲ လုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာ နိုင်သေးတာရဲ့ အဓိက အကြောင်းရင်း တခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။

မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့ အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရေး ဆိုတဲ့ သူတို့ မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲ မထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီ ကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ထွက်တော်မူ နန်းကခွာတယ် လုပ်သွားတာ ဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။

အခုလည်း နအဖစစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကို ဘာတွေ လွှဲပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး လွှဲပေးမယ့် အရာကတော့ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဆိုးဟာ ဒီအစိုးရအတွက် တမင် ဖန်တီးထားတာပဲ မဟုတ်ပါလား။ ဒီလို လွှဲပေးပြီးတယ်ဆိုရင် ဒါဟာ ဗမာပြည် သမိုင်းမှာ စစ်အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုနဲ့အညီ ထိန်းသိမ်းတဲ့ ဒုတိယမြောက် အစိုးရ ဖြစ်လာ ပါလိမ့်မယ်။ (မဆလ အစိုးရကပထမပါ)။ အဲဒီနိုင်ငံတော်ကို ကျားကန်ဖို့ အတွက် အင်အားမတန်တဆ ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ ပုလိပ်တပ်ဖွဲ့လို တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပြင် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်လို (၂၁) ရာစုနှစ် ပြူစောထီး အဖွဲ့များကိုလည်း ချန်ပေးထားခဲ့ ပါလိမ့်မယ်။ ဒါမှလည်း အဲဒီအစိုးရဟာ လိုအပ်ရင် ဒိုင်းဝန်ထက်ကဲနိုင်မှာ မဟုတ်ပါလား။

နောက် ချန်ပေးထားခဲ့မှာ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေးဘက်မှာဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အပစ်ရပ် အဖွဲ့တွေရဲ့ ပြဿနာ စတဲ့ အာဏာရှင် ဗိုလ်ချုပ်တွေအဖို့ ဗြဟ္မာမင်းဦးခေါင်း ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ စစ်တပ်အတွင်း မကျေနပ်မှုလို၊ အမှုထမ်းများအကြား မကျေနပ်မှု၊ မင်းစေကနေ ဝန်ကြီးအထိ အကျင့်ပျက် လာဘ်စား၊ ခြစားတဲ့ ကိစ္စ မျိုးတွေကတော့ နောက်လူတွေလည်း တကယ်တမ်း မဖြေရှင်းနိုင်ဘူး ဆိုတာ သိနေလို့ ဘာမှ အထူး မှာမနေမယ့် သဘောရှိပါတယ်။

နောက်တမျိုးက နိုင်ငံတကာက တမေးတည်းမေးနေတဲ့ နျူကလီးယားလက်နက် စီမံကိန်းလို ဟာမျိုးတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ တာဝန်ကိုလည်း နအဖဟာ နောက်လူတွေကို ချန်ထားပေးခဲ့မှာ သေချာပါတယ်။ နိုင်ငံတကာ ရေးရာမှာတော့ ဝါရှင်တန်ကို အခုအတိုင်း လှိမ့်မြဲတိုင်း ဆက်လှိမ့်တဲ့ တာဝန်နဲ့ အာဆီယံအပါ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ “မချစ်သော်လည်း အောင့်ကာနမ်း” နှစ်ပါးသွား ဇာတ်လမ်းကို ဆက်ကဖို့ တာဝန်ကို လွှဲသွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူ့အခွင့်အရေး ပြဿနာလို၊ ကလေးစစ်သား ပြဿနာလို နိုင်ငံတကာက အပြစ်တင်နေတာတွေ အတွက်တော့ ဆက်ခံသူတွေဟာ သူတို့လိုပဲ အရေထူဖို့ လေ့ကျင့် ပေးထားပြီးမို့ ဘာမှ အထူးတာဝန် လွှဲပေးနေစရာ မလိုဘူးဖြစ်မှာပါ။ နာဂစ်ဒုက္ခသည်တွေ ကိစ္စလို ဟာတွေကိုတော့ ဘာမှလက်လွှဲစရာ မရှိပါဘူး။ အကြောင်းက သူတို့ကိုယ်တိုင် ဘာမှမလုပ်လို့ ဖြစ်ပါတယ်။

စီးပွားရေး၊ ဘဏ္ဍာရေး နယ်ပယ်ဘက်မှာဆိုရင်တော့ နအဖဟာ မပြီးပြတ်သေးတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ ဘတ်ဂျက်လိုငွေ ပြဿနာတွေ၊ ငွေဖောင်းပွမှုပြဿနာ၊ လယ်ယာမြေပြဿနာတွေ စတဲ့ အနိဋ္ဌာရုံ အချင်းအရာတွေ တပြုံ တခေါင်းကြီးနဲ့ ငွေရိုက်စက် တလုံး ထားပေးခဲ့မှာ ဖြစ်ပါတယ်။ ရေနံ၊ ဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ရေ၊ မြေကြီး စတဲ့ မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတ အရင်းအမြစ်တွေ ကတော့ သူတို့ သယ်မကုန်လို့ ကျန်တာလောက်ပဲ နောက်လူတွေ အတွက် ထားခဲ့မှာပါ။ ဒါ့အပြင် ပြည်သူလူထုမျိုးဆက် အဆက်ဆက် ပိုင်ဆိုင်တဲ့ ဒီသယံဇာတတွေကို သူတို့တတွေ ဆက်ထုတ်ယူခွင့်၊ အသုံးပြုခွင့်တွေ ဆက်ရနေအောင်လည်း တာဝန် ယူခိုင်းပါလိမ့်မယ်။

နို့ပေမယ့် သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ် လို့တော့ လုံးဝ စိတ်ကူးမယဉ် လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီ ဝေစားကောင်း စားမှာပါ။ ဒီနတ်စည်းစိမ်တွေ ကိုတော့ ဝေမျှ မခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ချန်ထားခဲ့ပါလိမ့်မယ်။

နအဖက ဒီလိုအမွေလွှဲတာတွေထဲမှာ စိုးရိမ်စရာအင်မတန်ကောင်းတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါ အိမ်ချုပ် ကျခံနေရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လက်လွှဲပေးခဲ့မလား ဆိုတာပါပဲ။ တနည်းပြောရရင် နိုင်ငံရေး အကျဉ်းသားတွေ အပြည့်ရှိနေတဲ့ ထောင်တွေ၊ စနစ်တွေကိုပါ မူလပကတိအတိုင်း နောက်အစိုးရလက်ထဲ လွှဲမယ့် ပြဿနာဖြစ်ပါတယ်။ ဗိုလ်နေဝင်းကနေ ဗိုလ်စောမောင်ကို လွှဲတုန်းကတော့ ဒီပြဿနာ မရှိပါဘူး။ အရေးတော်ပုံကြီးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နဝတကနေ နအဖကို လွှဲတဲ့ အခါမှာကျတော့ ပိုက်ဆံစုဘူး လွှဲပေးသလို ထောင်တွေ၊ အချုပ်တွေကို လွှဲပေးသွားတယ်ဆိုတာ ပြည်တွင်းပြည်ပ ဘယ်သူကမှ မမေ့ပါဘူး။ အခုလည်း ဒီလိုမလုပ်ဘူးလို့ ထင်စရာ အကြောင်းတချက်မှ မတွေ့ရသေးပါဘူး။

မှန်ပါတယ်။ အထက်မှာ ရေးခဲ့တာတွေဟာ နအဖအနေနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့သော်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့ အလိုအတိုင်း ချောချောမွေ့မွေ့ ဖြစ်ပေါ်ခဲ့သော် ဆိုတဲ့ “ခဲ့သော်” အပေါ်မှာ အခြေခံစဉ်းစားပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ “ခဲ့သော်” စဉ်းစားနည်းဟာ နိုင်ငံရေး လှုပ်ရှားလုပ်ကိုင်စရာ “စပေ့စ်” ဖြစ်ပေါ်လာမယ်၊ အနာဂတ် ဒီမိုကရေစီ ထွန်းကားမှုအတွက် လမ်းခင်းရာ ကျလိမ့်မယ်ဆိုတဲ့ စဉ်းစားနည်းတွေနဲ့ ကွာပါတယ်။ မသေချာလှသေးဘူးလို့ ဆိုနိုင်ပါတယ်။

သေသေချာချာ ပြောနိုင်တာကတော့ အပြောင်းအလဲဆိုတိုင်း ကောင်းတာ မဟုတ်ဘူး ဆိုတာပါပဲ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့