..............................

Tuesday, February 2, 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာ တင်ရ

ရဲရင့်
၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်မှု ရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့ နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင် ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် အားလုံး မည်သည့် နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ် လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့် သေနတ် သတ်မှတ်ရက် အတွင်း ပစ်ခတ်မှု ရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်း ခရီးအတိုင်း ဘန်ကောက်သို့ အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ် အကြား တောလမ်း ခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါ ကျည်များမှာ လက်နက်ကိုင် အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော် ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှ မပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြား အမည်မသိ ရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏ အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်း ထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက် ရှိသည်ဟု ထိုင်းရဲ အရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့် ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက် မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံ ရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူ မြန်မာများ အစုလိုက် သတ်ဖြတ် ခံရမှုများ မဲဆောက်နှင့် အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက် အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ် အတွင်း လွန်ခဲ့သည့် (၇) နှစ်က မြန်မာ(၁၇) ဦး အုပ်စုလိုက် အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့