..............................

Thursday, February 4, 2010

မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်း ထုတ်လိုက်ပြီ

ဖေဖော်ဝါရီလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်း ရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုး တဦးတို့အား ဖမ်းဝရမ်း ထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်း ထုတ်လိုက်ရခြင်း ဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံ သတင်းထောက်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက် ကြိုးပမ်း သွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေး ယူသွားမှာဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် သူက ပြောဆိုသွားသည်။

ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်း ရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျ အဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်ဟု သိရသည်။

စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ် တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက် ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ် အားလုံး သိရှိထားခဲ့ရာ အထက်သို့ အစီရင် ခံခဲ့သည့် အတွက် နှုတ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက် အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာ ကယ်ရီတဦး၏ အကူအညီဖြင့် မဲဆောက်မှ ဘန်ကောက်သို့ တောလမ်း ခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက် ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်း မရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက် ဦးဆောင်၍ ထိုင်းဒေသခံ ရွာသား ၄ ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုး တဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ ဦးအား သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂) ဦးကို ပစ်သတ်ခဲ့ရာတွင် (၇) ဦးသေဆုံး၊ (၂) ဦး ပျောက်ဆုံးကာ (၃) ဦး လွတ်မြောက် သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။

ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများ တွေ့ရှိရပြီး လက်ရှိ အချိန်တွင် (၉) ဦးထဲမှ (၇) ဦး၏ အလောင်းကို မဲဆောက် ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုး သားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက် ရှိကြောင်း သိရသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉) ဦးမှာ စောမူးချဲ့ချဲ့(၂၈) နှစ်၊ စောကျော်ဦး(၂၇) နှစ်၊ နော်ကြို့အေး (၃၂) နှစ်၊ စောဒီဒို့ (၂၈) နှစ်၊ စောအကို (၂၇) နှစ်၊ နော်အေးချို (၃၂) နှစ်၊ စောထူးအောင် (၃၅) နှစ်၊ နော်ခရိုး (၃၃) နှစ်နှင့် နော်တင်ချိုအေး (၂၈) နှစ်တို့ ဖြစ်သည်ဟု သိရသည်။

မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည် မသိ ရွာသား (၃) ဦးတို့ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာ ရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄) နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ် သမား(၈) ဦး ကိုလည်းကောင်း၊ မဲ့လမတ် မြို့နယ် အတွင်း လွန်ခဲ့သည့် (၇) နှစ်က မြန်မာ (၁၇) ဦးကို လည်းကောင်း အုပ်စုလိုက် အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

Ref: KIC News

0 comments:

အပေါ်သို့