..............................

Tuesday, February 2, 2010

ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်

ဝေလင်း
၁ ဖေဖော်ဝါရီ ၂၀၁၀

ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံ ကျော်လောက် စာရင်း ပျောက်တဲ့ ကိစ္စ မီဒီယာ သတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိ ပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များ အိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။

တဘက်ကလည်း နယ်စပ်ဈေးကွက်တွေထဲမှာ အရင်နိမ့်ကျနေတဲ့ မြန်မာငွေဟာ အခုနှစ်ကုန်ပိုင်း အတွင်း သိသာလောက်အောင် ပြန်မြင့် တက်လာပြီး မြန်မာကျပ်ငွေ ရှားပါးမှုဖြစ်နေတာကို အချို့က ရှိနေတဲ့ ဒေါ်လာတွေ တခြားစီးဆင်းကုန်တာကြောင့်လို့ ပြောပါတယ်။

လေ့လာသူတချို့ကလည်း ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ (၁၆၅) သန်းလောက် ပြန်ဝင်လာတာလို့ တွက်ဆနေပါတယ်။ ဓာတ်ငွေ့က ရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန်သလဲလို့ တွေးနေတုန်း အခု မြန်မာ နအဖ စစ်အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာယူကြောင်း တွေ့ရပါတယ်။ သြော်… ဒါကြောင့်ကိုး။

အမေရိကန်ဒေါ်လာ သန်း (၂၀) စီတန်တဲ့ MIG 29 အမျိုးစား တိုက်လေယာဉ် အစီးပေါင်း (၂၀) နဲ့ တစီးကို ဒေါ်လာ (၈) သန်းကျော်တန် ရဟတ်ယာဉ် (၈ စီးကနေ ၁၀ စီးအထိ) နအဖ မှာယူထားတာ လာမယ့် ၂၀၁၀ ခုနှစ်အတွင်း ရောက်ရှိ ပါလိမ့်မယ်။ ယခင် ၂၀၀၁ ခုနှစ် တုန်းကလည်း ထိုင်းနယ်စပ် စစ်ရေး ပြဿနာပြီးပြီးချင်း MIG 29 တိုက်လေယာဉ် (၁၂) စီး နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ အခု ရောက်လာမယ့် ရုရှ လေယာဉ်တွေကို တရုတ်လုပ် J-10 နဲ့ F C-1 အမျိုးအစား တရုတ် စစ်လေယာဉ်တွေ နေရာမှာ အစားထိုး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကလည်း အရင်ဆောင်းပါးမှာ ပြောထားခဲ့သလို တရုတ်တို့ဆီက ပေါချောင်ကောင်းတွေနဲ့ အလုပ် မဖြစ်တာ နအဖတို့ သဘောပေါက် လာကြတာ ဖြစ်ပါလိမ့်မယ်။ ရုရှမော်ဒယ်တွေကို ပုံတူကူး ပေါချောင်ကောင်း တရုတ် လေယာဉ်ထက်စာရင် မူရင်း ရုရှ လေယာဉ် စစ်စစ်တွေ ဘက်ကို နအဖတို့ တခါပြန်ပြီး ဦးလှည့်လာခြင်းပါ။ ရုရှလုပ် MIG 29 လေယာဉ် ၀ယ်ယူ လိုက်တာကြောင့် နဂိုတရုတ်လုပ် J-10 /FC-1 လေယာဉ်တွေဝယ်မယ့် အစီအစဉ်လည်း ပျက်သွား ပါတော့တယ်။

ဒါပေမယ့် အခုရုရှဆီကနေ လေယာဉ် အစီး (၂၀) နဲ့ ရဟတ်ယာဉ်တချို့ ၀ယ်ယူတာဟာ သမားရိုးကျတော့ မဟုတ်ပါဘူး။ ဒီနှစ် အောက်တိုဘာလ အတွင်း ရုရှနိုင်ငံပိုင် လေကြောင်း ကော်ပိုရေးရှင်းက MIG လေယာဉ်ကုမ္ပဏီ အစုရှယ်ရာ (၁၀၀) ရာခိုင်နှုန်းကို အပြတ် ၀ယ်ယူခဲ့ပါတယ်။ အလားတူ အီလူးရှင်း (Ilyushin)၊ တူပိုလက် (Tupolev)၊ ဆူခွိုင်း (Sukhoi)၊ အန်တိုနော့ (Antonov)၊ မီကိုယန် (Mikoyan) လေယာဉ်ကုမ္ပဏီ အစု ရှယ်ယာများကိုပါ ရုရှနိုင်ငံပိုင် လေကြောင်း ကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။

MIG ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ (၁၁) ဘီလီယံဖိုးရှုံးခဲ့ပြီး အကြွေး (၄၄) ဘီလီယံ ရူဘယ် (အမေရိကန်ဒေါ်လာ ၂၅ သန်း) တင်နေပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အယ်ဂျီးရီးယား နိုင်ငံကလည်း MIG 29 လေယာဉ် (၃၄) စီး ဒေါ်လာ (၁၁) သန်းဖိုး ကန်ထရိုက် စာချုပ် ပျက်ခဲ့ပြီး လေယာဉ် (၁၅) စီး ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ လက်နက် တင်သွင်းသူတွေကို ပေးဖို့ MIG ကုမ္ပဏီဟာ ဒေါ်လာ သန်း (၈၀) လောက် အကြွေး တင်နေပါသေးတယ်။

ဒါကြောင့် ရုရှလေကြောင်းကော်ပိုရေးရှင်းက မြန်မာအစိုးရကို ၂၀၀၉ နိုဝင်ဘာလအတွင်း ခရီးသည်တင် လေယာဉ် (၂) စီး အလကား ပေးခဲ့ပြီးနောက် အခု ဒီဇင်ဘာလထဲ MIG 29 လေယာဉ် (၂၀) နဲ့ ရဟတ်ယာဉ်တွေ အရောင်းအ၀ယ် ဖြစ်သွားတာကတော့ ရိုးရိုးရှင်းရှင်း ရောင်းဝယ်ခြင်းမျိုး မဟုတ်နိုင်ပါဘူး။ MIG 29 တိုက်လေယာဉ်တွေ မြန်မာကို ရောင်းချပေးတာဟာ ၂၀၀၈ ခုနှစ် အယ်ဂျီးရီးယားကို (၃၄) စင်း ရောင်းချ ပေးပြီးတဲ့နောက် ဒုတိယမြောက် အများဆုံးရောင်းချခြင်း ဖြစ်ပါတယ်။

ရုရှ MIG 29 တိုက်လေယာဉ်တွေကို အရည်အချင်း ထပ်မမြှင့်တင်နိုင်ခဲ့တာ ၁၉၉၀ လွန် ရုရှ ကွန်မြူနစ်စနစ် ပျက်ပြီး ကတည်းကပါ။ အခု MIG 29 လေယာဉ်တွေ အားလုံးဟာ ဆိုဗီယက်ခေတ်လုပ် ၁၉၈၃ ခုနှစ် မော်ဒယ်တွေသာ အများစု ဖြစ်ကြပါတယ်။ များမကြာမီကမှ ရုရှတို့ နောက်ထပ်ထုတ်လုပ်တဲ့ (Sukhoi) SU-27၊ MIG 31 လေယာဉ်တွေနဲ့အတူ MIG 29 ကို ပြပွဲ ထုတ်ပြသပြီးနောက် မကြာခင် နအဖတို့ကို အခုလို ရောင်းချပေးခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ၀ယ်ယူတဲ့ အစီးရေ (၃၄) စီးမှာ MIG 29 လေယာဉ် (၁၅) စင်းကို အယ်ဂျီးရီးယားတို့ ပြန်ပို့ခဲ့တာကလည်း သူတို့ မျှော်မှန်းထားသလို အရည်အချင်း မမီတာကြောင့်လို့ သိရပါတယ်။

ခေတ်မမီတော့တဲ့ MIG 29 လေယာဉ်တွေဟာ သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တုန်းက အရှေ့ ဆိုက်ဗေးရီးယားမှာ ဒုတိယ အကြိမ်မြောက် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အခု လေယာဉ်ကိစ္စလို နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စမှာလည်း မြန်မာတို့ အပေါ် ရုရှတွေ မရိုးသားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် မေ (၁၅) ရက်နေ့မှာ ရုရှ အဏုမြူ စွမ်းအင်အေဂျင်စီ (Rosatom) နဲ့ မြန်မာတို့ (၁၀) မီဂါဝပ် နျူကလီးယား စက်ရုံတည်ဆောက်ဖို့ နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ကမ်းလှမ်း ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် သဘောတူ စာချုပ် ချုပ်ပြီးတဲ့နောက်ပိုင်း မြန်မာတို့ ဘက်က ကျသင့်ငွေတွေ အပြည့်အ၀ မပေးချေနိုင်လို့ (ငွေသားမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ပေးချေလို့) ရုရှားဘက်က နောက်ဆုတ် သွားခဲ့ကြောင်း သိရပါတယ်။

အခုလည်း ပျက်တော့မယ့် MIG ကုမ္ပဏီက လေယာဉ်တွေ မြန်မာဘက် ထိုးရောင်းတာဟာ အယ်ဂျီးရီးယား မ၀ယ်တဲ့ လက်ကျန်တွေနဲ့ မတိုးဖို့ ‘ဖွဟဲ့ လွဲပါစေ’ လို့ ဆုတောင်းရတော့မှာပါ။ အမြတ်မရှိရင် ရုရှတို့က ဘာမှမလုပ်ပါဘူး။ ကန်ထရိုက် စာချုပ်ကို ငွေနဲ့ မပေးချေဘဲ ကုန်ပစ္စည်းနဲ့ ပေးချေတဲ့ စနစ်မျိုးကိုလည်း ရုရှတွေ လက်မခံတတ်ပါဘူး။ အခုတော့ MIG လို လေယာဉ် ကုမ္ပဏီ ကလည်း ဒေ၀ါလီခံပြီး ဗိုက်နာနေချိန်၊ ရုရှ အစိုးရကိုယ်တိုင်က သူ့နိုင်ငံ ကုမ္ပဏီကြီးတွေကို ၀င်ထိန်းညှိပြီး ကယ်တင်နေရချိန်မှာ တဘက်က နအဖတို့လက်ထဲ သဘာဝ ဓာတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေတွေ ရွှင်နေချိန်မို့ လေယာဉ် အရောင်းအ၀ယ်ကိစ္စ တည့်သွားခဲ့ဟန် ရှိပါတယ်။

ရုရှဘက်က ၀ယ်ခဲ့တဲ့ Mil Mi 17 ရဟတ်ယာဉ်တစီး အရည်ချင်းမမီ စက်ချွတ်ယွင်းပြီး ပျက်ကျလို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး သီဟသူရ စစ်မောင်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်ချုပ်လွန်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် တို့အပါအ၀င် စစ်သည်(၂၉) ဦး သံလွင်မြစ်ထဲ ပျက်ကျပြီး (၁၄) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ဖြစ်ပွား ခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ လေယာဉ်တွေ ၀ယ်ယူတဲ့အတွက် အကျိုးခံစားရတာ လေချုပ်ကြီး မြတ်ဟိန်းနဲ့ (ကကနက်ချုပ်) ဗိုလ်ချုပ်ကြီးတင်အေး အပါအ၀င် နအဖဗိုလ်ချုပ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မောင်းနှင်ကြမယ့် လေသူရဲတွေ အကျိုးရှိမရှိ ဆိုတာကိုတော့ MIG 29 တိုက်လေယာဉ်တွေ စစ်ဆင်ရေး ကောင်းကင်ပေါ် ရောက်မှ သိကြရမှာပါပဲ။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့