..............................

Wednesday, February 3, 2010

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ

ဝီရ
၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များ နည်းတူ သပိတ်မှောက် ကံဆောင်၍ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ် ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်း တို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြား ထားသည်ကို သတ်မှတ်ရက် တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့် အတွက် ဦးအောင်ဆန်းဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကောင်းကျိုးအတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ် ဘဝကနေ အားထုတ် ကြိုးပမ်းနေတာကို နအဖ အလိုကျ စီမံ ဆောင်ရွက်နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုး လုပ်ဆောင်နေတာကို ဦးဇင်းတို့က သတိပေးပြီး ဖြစ်တယ်။ သတ်မှတ်ရက် အထိ တစုံတရာ ပြန်ကြားတာ မရှိလို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တဲ့ စာရင်းမှာ တည့်လိုက်တာ ဖြစ်တယ်။ ဦးအောင်ဆန်းဦးတို့ ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့ တပ်ပေါင်းစုက နေပြီးတော့ တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစု အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ၏ အကျိုးအတွက် သော်လည်းကောင်း၊ တိုင်းသူ ပြည်သားများ အကျပ်အတည်း မျိုးစုံမှ လွတ်မြောက်ရေး အတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ် ကန့်ကွက်မှုများအား ပယ်ဖျက်ပေးမည် ဆိုပါက ဘာသာရေးအရ သပိတ်မှောက် ကံဆောင်ထားမှုများ အားလုံးကို ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်း ထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက်ထားသည် သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှ မရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေး ပြုနေခြင်း၊ အသုံးချခံနေခြင်းတို့ အတွက် စိတ်ပျက်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက် ပေးနေခြင်းမှ ရပ်တန့်ပေးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက ဦးအောင်ဆန်းဦးထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာ တစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့