..............................

Saturday, February 28, 2009

အခွံသာကျန်တဲ့ သေနတ်စုတ်

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စစ်ရေးအင်အား၊ စီးပွားရေး အင်အား တည်ဆောက်မှုသည် အရေးကြီးပါသည်။ ထို အင်အားနှစ်ရပ်သည် အပြန်အလှန် ဆက်စပ်နေပြီး၊ အင်အား နှစ်ရပ်လုံး တပြိုင်နက် ကြီးထွားလာစေရန်မှာ အလွန်ပင် ခက်ခဲသကဲ့သို့ မည်သည့် အင်အားကို စတင် တည်ဆောက်ရမည် ဆိုသည်မှာလဲ နိုင်ငံအုပ်ချုပ်သူ အစိုးရတရပ်အတွက် အလွန်ပင် ခက်ခဲနက်နဲစေသည့် ဆုံးဖြန်ချက် တရပ်ဖြစ်ပါသည်။

အချို့ သော နိုင်ငံများကတော့ စီးပွားရေး အင်အားကို စတင် တည်ဆောက်ပြီး၊ စီးပွားရေး တောင့်တင်း လာသော အခါတွင်မှ စစ်ရေး အင်အား တိုးချဲ့မှုကို ပြုလုပ်ကြပြီး၊ အချို့ နိုင်ငံများ ကတော့ စစ်ရေးအင်အားကို စတင် တည်ဆောက်ကြသည်။ အမေရိကန်၊ တရုတ် စသော အင်အားကြီး နိုင်ငံများသည် ပထမ အမျိုးအစားတွင် ပါဝင်ပြီး၊ ဆိုဗီယက်ယူနီယံ၊ မြောက်ကိုးရီးယား စသည့် နိုင်ငံများမှာ ဒုတိယ အမျိုးအစားတွင် ပါဝင်ကြလေသည်။ မည်သူတွေ အောင်မြင်၍ မည်သူတွေ ဆုံးရှုံးခဲ့ကြသနည်း။ သမိုင်းက အဖြေပေးခဲ့သည်။ ဆက်လက်၍လဲ အဖြေတွေ ပေးနေပေလိမ့်ဦးမည်။

စစ်ရေးအင်အားဆိုသည်မှာ အခြားနိုင်ငံများအပေါ်တွင် စစ်ရေးနည်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စွမ်းရည်ရှိသော (၀ါ) စစ်အင်အားဖြင့် ခြိမ်းချောက် ထားနိုင်သော အင်အား တရပ်ဖြစ်ပြီး၊ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သက်လုံကောင်းမှု စသည်တို့နှင့် တိုင်းတာနိုင်သည်။ စီးပွားရေး အင်အားဆိုသည်ကား စီးပွားရေးနည်းဖြင့် အခြား နိုင်ငံများအား လွှမ်းမိုးထားနိုင်သည့် စွမ်းရည်ရှိသော အင်အား တရပ်ဖြစ်ပြီး၊ ရေမြေ အနေအထား၊ သဘာဝ သယံဇာတ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးစနစ်၊ ကျန်းမာရေး စနစ် စသည်တို့ဖြင့် တိုင်းတာနိုင်သည်။ စစ်ရေးအင်အား တိုးချဲ့မှု အတွက် အဓိကကျသော အခရာမှာ စစ်လက်နက်ပစ္စည်း ထိုလက်နက် ပစ္စည်းများကို နိုင်ငံတာဈေးကွက်တွင် ခိုင်မာတောင့်တင်းသော ငွေကြေးဖြင့် ၀ယ်ယူရပါသည်။ စီးပွားရေးအင်အား တောင့်တင်းပြီးသော နိုင်ငံများ အတွက် သိပ်အရေး မကြီးလှသော်လည်း ဖွံ့ဖြိုးဆဲ တိုင်းပြည်များ အတွက်ကား စစ်အင်အား တိုးချဲ့ခြင်းကို စတင်သည်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးသွားစေတော့သည်၊ “ငွေတကျပ်နှင့် ငါးကြင်းခေါင်း ကိုင်၍ မရ“ ဟူသော အဆိုပင် ရှိသည်မဟုတ်လား။ စီးပွားရေး မတောင့်တင်းပဲ စိန်၊ ရွှေ ၀ယ်ဝတ်လျှင် အကြွေးများပြီး၊ မိသားစု တစုလုံး ရေသောက် ဗိုက်မှောက်ရကိန်း နှင့် ကြုံတတ်ပါသည်။ ထိုနည်းနှယ်နှယ်ပင်။ စစ်အေးကာလ အင်အားကြီး နိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့အား လေ့လာကြည့်ကြပါစို့။

၁၉၇၀ နှစ်လယ်ပိုင်းကာလအထိ အမေရိကန်နိုင်ငံ၏ စစ်ရေး တည်ဆောက်မှုမှာ စီးပွားရေး အခြေအနေ တိုးတက်မှု မရှိသေးသဖြင့် အောင်မြင်မှု သိပ်မရှိခဲ့ပေ။ ၁၉၈၀နှစ်ပိုင်း ကာလများတွင်ကား တိုးတက်လာသော စီးပွားရေး အင်အားနှင့်အတူ စစ်ရေး အင်အားများမှာလဲ ပိုမိုတိုးတက်လာခဲ့သည်။

သမ္မတရေဂင်၏ အုပ်ချုပ်မှုကာလ (၁၉၈၁-၁၉၈၉) ကာလများတွင် အမေရိကန်၏ စစ်အသုံး စရိတ်များ တိုးမြင့်ခဲ့ပြီး Strategic Defense Initiative ပရောဂျက်ကို အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် မော်စကိုကို အောင်ပွဲခံကာ စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့ရသည်။ ထိုပရောဂျက်ကို စစ်အင်အား၊ စီးပွားရေး အင်အား နှစ်ဖက်ညှပ်၍ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်တို့ အဆိုပါပရောဂျက် စတင်စဉ်၍ ဆိုဗီယက်တို့ကလဲ အားကျမခံ တုံ့ပြန်ခဲ့ပုံမှာ ဆိုဗီယက် စစ်တပ်သည် သိပံပညာရှင်များ အပါအ၀င် ပညာတတ် လူတန်းစားများ ပါသော စစ်အင်အားကို ၁၀သန်းအထိ တိုးချဲ့ ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ ဂျီဒီပီ (၂၅) ရာနှုန်းမှာ စစ်အင်အား အတွက်ဖြစ်ပြီး၊ တနိုင်ငံလုံးမှ စက်ရုံ၊ အလုပ်ရုံများ၏ တ၀က်ခန့်မှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုကိုသာ ဇောင်းပေးခဲ့သည်။ စီးပွားရေး အင်အား တိုးချဲ့မှုသည် ဒုတိယ နေရာသို့ ရောက်ရှိသွားသည်။

ရလာဘ်ကား ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားခြင်းပင် ဖြစ်သည်။ ယနေ့ကမ္ဘာ၏ စစ်ပွဲများသည် စစ်အင်အား တခုတည်းနှင့် မပြည့်စုံနိုင်တော့ပါ။ စစ်အင်အားဖြင့် တိုက်သည့် စစ်ပွဲများလဲ ရှားပါး လာခဲ့လေပြီ။ စီးပွားရေး အင်အားဖြင့် တိုက်သည့် စစ်ပွဲများခေတ်သို့ ဦးတည် လာခဲ့လေပြီ။ နိုင်ငံအနှံ့ ထိုစစ်ပွဲများအတွက်သာ ပြင်ဆင် ကြိုးပမ်းနေကြသည်။

အဆိုပါကာလမျိုးတွင် ကျွနုပ်တို့ မြန်မာပြည်၏ အုပ်ချုပ်သူ အစိုးရ အဖွဲ့ဝင်များ ဘာလုပ် နေကြသည် ထင်ပါသနည်း။ အနှစ်နှစ်ဆယ် ကာလအတွင်း စစ်သည်အင်အား တသိန်းကျော်မှ လေးသိန်းကျော် ဖြစ်လာပါသည်။ တပ်ရင်းတပ်မများ၊ တိုင်းစစ်ဌာနချုပ်များ တိုးချဲ့ ဖွဲ့စည်းလာသည်။ စစ်သင်တန်း ကျောင်းများ အဆမတန် များပြားလာသည်။ ရေတပ်၊လေတပ် လက်နက် အင်အားများ တိုးချဲ့ထားသည်။ ထောင်ပေါင်း များစွာသော စစ်အရာရှိများအား ရုရှား၊ အင်ဒိုနီးရှား၊ အစ္စရေး စသော တိုင်းပြည်များသို့ ပို့၍ နူကလီးယား သင်တန်း၊ စစ်ဦးစီး သင်တန်းများ၊ လက်နက်ရေးရာ ကျွမ်းကျင် သင်တန်းများ တက်ခိုင်းထားသည်။

ရာပေါင်းများစွာသော အေးဂျင့်များကို ပြည်ပ နိုင်ငံများသို့ လွှတ်၍ ထောက်လှမ်းရေး တာဝန်များ သာမက တရားမ၀င် ငွေလွှဲပြောင်းမှုများ၊ လက်နက် ၀ယ်ယူမှုများ၊ ပြည်တွင်းသို့ လျှို့ ဝှက် တင်သွင်းမှုများ ပြုလုပ်ရန် စေခိုင်းထားသည်။ စစ်အသုံးစရိတ် အသုံးများသော နိုင်ငံများ စာရင်းတွင်လဲ ရှေ့ပိုင်းစာရင်းမှ ပါဝင်နေပြီ။
မြန်မာပြည်၏ စစ်အင်အားကတော့ ထိုသို့ရှိပါသည်။

သို့ပေမယ့် အခြားတဘက်က စီးပွားရေးအင်အားကို ကြည့်လိုက်လျှင်ကား
တိုင်းပြည် တခုလုံး၏ စီးပွားရေးသည် ချွတ်ခြုံကျနေသည်မှာ စားစရာ မရှိ၍ ငတ်သေသည့် လူထုပင် ရှိနေပြီ။ ငွေကြေး ဖောင်းပွနှုန်းများက အဆမတန် တက်လာသည်။ ပညာရေး ဆိုသည်မှာ နိုင်ငံတကာကပင် အသိအမှတ်ပြု လက်ခံခြင်း မရှိတော့။ ကျန်းမာရေးဘက် ကြည့်လိုက်လျှင်လဲ ဆေးရုံတွင် ဆေးမရှိ၍ လူနာဘေး ငုတ်တုတ်ထိုင်ကာ သေမည့်အချိန် စောင့်ပေး နေရသော ဆရာဝန်များပင် ပေါ်ပေါက်လာခဲ့ပြီ။ အာဏာမြဲလျှင် ပြီးရောဆိုကာ ငြိမ်းအဖွဲ့များအား ပါမစ်များ စည်းမရှိ၊ ကမ်းမရှိ ထုတ်ပးထားမှု၊ ခေတ်ပျက်သဌေး များအား ရောင်းလို့ရတာ အကုန်ရောင်း ပေါ်လစီချကာ အာဏာရှင် မိသားစုများအတွက် ငွေရှာခိုင်းမှု စသည်တို့ကြောင့် သဘာဝ သယံဇာတများလဲ ကုန်သလောက် ရှိနေပြီ။

အိုင်တီနည်းပညာတိုးတက်မှု ရှိနေပေမယ့် နည်းပညာများကို စစ်အာဏာရှင် ယန္တရား လည်ပတ်ရေး အတွက်သာ ပိုမိုဇောင်းပေး အငုံးချထားသဖြင့် တိုင်းပြည် တိုးတက်ရေးကို အထောက်အကူ မပြုပဲဖြစ်နေသည်။ မည်သည့် စီးပွားရေး အင်အား ပြသော နှုန်းထားများ အကောင်း ကျန်ပါသေးသနည်း။ စီးပွားရေး အင်အားမှာ အပေါင်းမဟုတ်ပဲ အနုတ် လက္ခဏာသာ ထွက်နေရတော့သည်။
စီးပွားရေးအင်အား မတောင့်တင်းပဲ စစ်ရေးအင်အားချည်း သက်သက်သာ ဆက်လက် တည်ဆောက် နေလျှင်တော့ “အခွံသာကျန်တဲ့ သေနတ်စုတ်“ ကဲ့သို့သာ ဖြစ်လာမည်မှတပါး အခြား မရှိပါကြောင်း။

Ref: ခင်မမမျိုး

0 comments:

အပေါ်သို့