..............................

Friday, February 27, 2009

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု စစ်အစိုးရကို တရုတ် ကူညီနေသည့် အတွက် အဓိက မအောင်မြင်

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြ သုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်း တခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာ နိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွား နိုင်ခဲ့သည်ဟု ထောက်ပြထားသည်။

“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့် သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ် ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက် ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ် လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု တို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။

မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများ သာမက အခြားနိုင်ငံ များသို့ပါ တင်ပို့ ရောင်းချ နေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။

အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ် ရှင်းထားသည်။

ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာ စစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာ အဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘော ဆောင်သည့် ဆက်ဆံရေး သည်လည်း မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင် ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။

စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက် အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။

ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင် ထားသည့် ထိပ်ပိုင်း စစ်ဘက် အရာရှိများနှင့် ၄င်းတို့ မိသားစုများ အတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေး နေနိုင်သည့် အချက်ဟု ထောက်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့