..............................

Wednesday, February 25, 2009

နေပြည်တော်မှာ ကျုပ်တို့ဘဝ “အသား” ကျနေပြီ

စွာကျယ် / ၂၄ ဖေဖော်ဝါရီ ၂၀၀၉

ကြပ်ပြေးနေပြည်တော်ပေါ်ခါစကနေ အခုဆိုရင် (၂) နှစ်ကျော် (၃) နှစ် အတွင်း ချင်းနင်းဝင်ရောက်လာလို့ ဒို့ရွှေဗမာဝန်ထမ်းတွေ ကြပ်ပြေး နေပြည်တော်မှာနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ၊ သောက်ရ အခြေကျသလို ဖြစ်နေပြီပေါ့လို့ ရန်ကုန်ကိုပြန်ရင်း ဒီမေးခွန်း အမေးခံရတယ်။

သေချာတာပေါ့၊ ကျုပ်တို့ အခုနေပြည်တော်မှာ ဘယ်နားသွားရင် ဘာရှိတယ်၊ ဘယ်စားစရာက ဘယ်မှာဝယ်လို့ရတယ်၊ ဘာပစ္စည်းဆိုရင် ဘယ်မှာရတယ်၊ ဆေးရုံဆိုရင် ဘယ်လောက်ဝေးတယ်၊ ဘယ်လိုသွားရတာ ခက်တယ်နဲ့ အခုဆို မြို့မသုသာန်က ဘယ်ကိုရွှေ့လို့ ဘယ်ကို ရောက်သွားပြီဆိုတာတွေပါ သိကြပြီ၊ ကြားကြရပြီ၊ ကိုယ်တွေ့လဲမြင်ရပြီဆိုတော့ စောစောက မေးခွန်းကို ဘာမှမစဉ်းစားရဘဲ ပျဉ်းမနားနေပြည်တော်အကြောင်း ပြောနိုင်ကြပြီ။

ပျဉ်းမနား-တောင်ညိုကားလမ်းက သေးသေးလေး။ ဒါ ဟိုးလွန်ခဲ့တဲ့ ကာလတွေ ကပေါ့၊ ပျဉ်းမနား ဆင်ရုပ်ရှိတဲ့ နေရာကနေ အနောက် ယွန်းယွန်းဆီ ဦးတည်နေတာ။ တောင်ညိုကနေ ဆက်သွားရင် တောင်တွင်းကြီး၊ ဒါဆိုရင် ဒီလမ်းက ဘယ်ရောက်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး။ တောက ဈေးပတ်ကားတွေနဲ့ မြို့တက် ဈေးလာဝယ်တဲ့ ကတ္တရာစပ်စပ်သာရှိတဲ့ လမ်းသေးပါပဲ။ လမ်းဆိုပေမယ့် လမ်းဆိုး၊ လမ်းကြမ်း၊ လမ်းသေး၊ ပျဉ်းမနားကနေ တောင်တွင်းကြီးဘက်ကို အရင်တုန်းက ဌာနဆိုင်ရာကားတွေသာ အလျင်လိုရင် သုံးတဲ့ဖြတ်လမ်း ဖြစ်ပေမယ့် လမ်းဆိုးလို့ သိပ်အသုံး မများခဲ့တဲ့လမ်း။ ခန့်မှန်း ၉၂-၉၃ ခုနှစ်လောက်က။ အဲဒီတုန်းက အကြီးအကဲ ဖြစ်ကာစ အချိန်ပေါ့။

အခုလိုပဲ မှန်ပြောင်းကြီးတကားကားနဲ့ အမိုးဖွင့်ကားကနေ ပျဉ်းမနား-တောင်ညိုလမ်း၊ တောင်ကြော ပတ်လမ်းတွေကို ကြည့်ခဲ့ဖူးတာကို တီဗွီမှာ ပြန်အမှတ်ရ မြင်နေမိတယ်။ အဲဒီလိုကြည့်ခဲ့လို့ အခုဒီနေရာမှာ ကြပ်ပြေးနေပြည်တော်ကြီး ပေါ်လာရတယ်လို့ ဆိုရင် ရပါလိမ့်မယ်။

အခုပျဉ်းမနားကနေ အနောက် (၆) မိုင်ခန့်ဝေးတဲ့ ကြပ်ပြေးရွာလေးကိုဖယ်ရှား။ သပြေကုန်း ဆိုတဲ့ ပန်းပင် အလှအပတွေ ချယ်သထားတဲ့ အဝိုင်းကြီးဆောက်လုပ်။ ဒီနေရာကနေ တောင်သို့လားသော် ဟိုတယ်ဇုံတဲ့။ အနောက်သို့လားသော် တောင်ညိုခေါ်သတဲ့။ မြောက်သို့ လားသော် ငါးလိုက်ချောင်း ကျော်လို့ ဖောက်ထားတဲ့ အရှည်ဆုံး ကွန်ကရိ လမ်းကြီးတွေ။ ဒီလမ်းကြီးတွေကနေ ဝန်မင်းကြီး၊ ဝန်မင်းလေးတို့ရဲ့ ရုံးပေါင်းစုံကို ရောက်တယ်။ ဒါကြောင့် ကြပ်ပြေး သပြေကုန်းနေရာက၊ အလယ်ကျ၊ အခရာကျတဲ့နေရာ၊ ဒီနေရာက မူလအိမ်ခြေရှိတဲ့ ရပ်ကွက်ကို နေပြည်တော်မြို့မ သပြေကုန်းရပ်ကွက်လို့ မှည့်ခေါ်ပြီး ကြပ်ပြေး အမည်ပျောက်၊ သပြေကုန်း အမည်ရောက်စေ။

ကြပ်ပြေးအမည်ပျောက်ပေမယ့် ပျဉ်းမနားကနေလာရင် အရင်ဆုံးတွေ့ရတဲ့ ပြန်ကပြေး ရွာကတော့ ''ပြန်ကပြေး'' ပါပဲ။ တော်ဝင်လို့ မှည့်ခေါ်တဲ့ ဦးပိုင်က လိုင်းကားစီးရင် ''ပြန်ကပြေး'' ပါသလားလို့ မှတ်တိုင်မေးတဲ့ရွာပါ။ ညဆိုရင် ပျဉ်းမနားကနေ နေပြည်တော်ကို ဦးတည်လာတဲ့ လမ်းမကြီး တစ်လျှောက်လုံး မှောင်မဲနေတာ ဘာမှမဆန်းပါဘူး။ သပြေကုန်းမြို့မ ရပ်ကွက်ရောက်ခါနီး နေပြည်တော် စည်ပင်သာယာရေး ရောက်မှ ထိန်ထိန်ငြီးတဲ့ မီးတိုင်တွေ စထူထားတာ။

ဦးရွှေ ဗမာဝန်ထမ်းတွေကတော့ စောစောကပြောတဲ့ သပြေကုန်းအဝိုင်းကြီး ကနေ ရုံးများသို့ လို့ ညွှန်ပြထားတဲ့ ဆိုင်းဘုတ် အပြာ နောက်ကို လိုက်တဲ့ ကွန်ကရိ လမ်းကြီးအတိုင်း နိစ္စဓူဝ ဖယ်ရီစီး၊ ဟိုငေးဒီငေးနဲ့ နေ့စဉ် (၈) နာရီခွဲ ရုံးကို ရောက်ရတယ်။

တောင်ကုန်းတောင်စွယ်တွေကို ပုန်းကွယ်ပြီး အကြောင်းဗျူဟာနဲ့ ဆောက်ယူထားတဲ့ ဒင်းတို့ ဝန်မင်းကြီး၊ ဝန်မင်းလေးတွေရဲ့ ရုံးတွေကို ရေပြင်ညီကနေ ကြည့်ရင် ဘယ်ရုံးမှ မမြင်ရဘူး။ ကုန်းစောင်းရှိတဲ့ ချိုင့်နေရာတွေကိုရွေး။ သုံးထပ်ရှိတဲ့ ရုံးအဆောက်အဦး အလယ်ထပ်ကို ကုန်းကမ်းပါးမှာ မေးတင်ပြီးဆောက်ထားတော့ အောက်ဆုံးထပ် ဝန်ထမ်းတွေ အပေါ်ထပ်တက် မှ မြေပြင်ကို ရောက်တဲ့ပုံစံ၊ “ခင်ဗျားတို့ရုံးတွေက အလိုလိုနေရင်း အောက်ဆုံးတစ်ထပ်က မြေမျိုနေတာ” လို့ ကျုပ်တို့ အပြောခံရပေမယ့် အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။

ဒီမှာက ရုံးတွေက ပုံစံတူ၊ အရွယ်တူ၊ ဆိုက်တူတွေ၊ အကျယ်အဝန်းတူတွေမှာ ကျုပ်တို့အတူတူ နေကြပြီး၊ ဘယ်ကိုမှထွက်လို့မရအောင် ဆယ်ပေခန့်အကွာ ပတ်ချာလည်မှာ သံဇကာခြံစည်းရိုးအပေါ်မှာ သွပ်ဆူးကြိုးတထပ်၊ ထပ်ပတ်ထားလိုက်သေး။

ကမ္ဘာစစ်ကို ပြန်ရိုက်ထားတဲ့ ဂျာမန်စစ်ကားထဲက သုံ့ပန်းစခန်းတွေလိုလိုနဲ့ နေ့စဉ် တိတ်နေတဲ့အသံ၊ ကြိတ်ပြီးခံနေတာ၊ အခုဆို နှစ်နှစ်ကျော်လာပြီလေ၊ အခုတော့ ကျုပ်တို့ဘဝက အသားကျနေပြီ။

ရုံးရောက်တော့ ဖယ်ရီကားကို ကားကွင်းမှာရပ်၊ ခြံစည်းရိုး အဝင်ဂိတ်တံခါးကို တစ်ယောက်ခြင်း တန်းစီ ဝင်ဖြတ်ကြရတာ။ ဟိုးအရင်တုန်းက အောင်ဆန်းအားကစားကွင်း တောင်ဘက် ပွဲကြည့်စဉ်တန်းကို ဒလက်ဂိတ်လှည့် ဝင်ခဲ့ရတာကိုတောင် ပြန်ပြီး သတိရစရာပ။

တစ်ချို့ရုံးတွေ ကတော့ တစ်ယောက်ဝင်ရင် တတီတီမြီတဲ့အသံ ထည့်ထားတဲ့ စက်တပ်ထားလိုက်သေးလို့ ကျုပ်တို့ကို အကြမ်းဖက် သမားလို့ ထင်ရော့သလား။ ညနေ (၄) နာရီ (၄၅) မှာ ဘဲလ်တီးရင် သဲကြီးမဲကြီး ရုံးမှာလုပ် မနေတော့နဲ့ ဖယ်ရီ မမှီရင် ဆိုင်ကယ် ကယ်ရီကို စီးရ။ အလကား မရဘူး။ ရုံးကနေ အဆောင်တွေဆီကို အနည်းဆုံးပေးရမှာက (၁,၅ဝဝ) ကျပ်။

ရုံးဆင်းကားနီး ကားကွင်းမှာ ကားတွေတန်းစီရပ်ထားရ။ ခရာသံကြားမှ ကားစတတ်နိုးရပြီး စထွက်ရတယ်။ ကားတွေ မထွက်မီ တန်းစီရပ်ထားတဲ့ ကားတွေပေါ်မှာထိုင်ပြီး ကားထွက်ချိန် စောင့်ရတဲ့မြင်ကွင်းက အတင်းပြောရရင် ထိန်ပင်လိုလို ရေဝေးလိုလိုနဲ့ နေချိုမှ နေ့စဉ်ပြန်ရတဲ့ ကျုပ်တို့ဘဝ အသားကျနေပြီ။

ဒီရုံးတွေက တနေရာနဲ့တနေရာ မမြင်ရပေမယ့် ကြာလာတော့ ဘယ်ရုံးက ဘယ်နားမှာ၊ ဘယ်လောက် ဝေးတယ်ဆိုတာ ကျုပ်တို့ထက်ပိုသိနေတဲ့ ဆိုင်ကယ် ကယ်ရီတွေက ဒက်ကနဲချက်ကနဲ သွက်ကနဲမို့ သူတို့ကိုပဲ အားကိုးသွားလာနေကြရတာ။

ဒါဟာလဲ တဒုက္ခပဲလေ။ မင်းတို့မကျေနပ်ရင် ထွက်လာကြည့်ပါလား။ ရုံးတွေကနေ တန်းစီ လှည့်လည်ပြီး အော်ကြည့်ပါလား။ ဘယ်ရုံးက ထွက်လာထွက်လာ မင်းတို့ ဇေယျဌာနီ လမ်းမကြီးအတိုင်းပဲ လာရမှာ။ ဘယ်လောက်ဝေးဝေး လမ်းလျှောက်လာပြီး မကျေနပ်တာ အော်ကြည့်။ အဖော်မရှိဘူး၊ မခံနိုင်ပေါင် အလံတိုင်ထောင်ပြီး ချီတက်ကြည့်ပါလား။ အဲဒီဇေယျဌာနီ လမ်းမကြီးက သပြေကုန်း အဝိုင်းကိုပဲ လာဆုံရမှာ။ အဲဒီသပြေကုန်း အဝိုင်းမရောက်မီ၊ တွေ့လား ဟိုမှာ။ မင်းတို့ သတ္တိရှိရင် ရဲချုပ်ရုံး။ ထပ်ကျော်လာရင် ငလိုက်ချောင်းတံတား။ ဘယ်လိုများ ကျော်လို့ ရမတုန်း။ ပြည်ထဲရေး ဝန်မင်းကြီးရုံးက ထိပ်ဆုံးကစောင့်နေတာ အသင့်။ မင်းတို့- မင်းတို့ ဘယ်လိုမှ ပြေးစရာမြေ မရှိဘူးဟေ့လို့ အကွက်ကျကျနဲ့ ဆောက်ထားတဲ့ ရုံးနေရာတွေ။ ပုန်းနေတာလိုဖြစ်အောင် လုပ်ထားလို့ ကျုပ်တို့ဘဝ အသားကျနေပြီ။

ရုံးပိတ်ရက်မှာ ဟိုး (၁ဝ) မိုင်လောက်ဝေးတဲ့ ပျဉ်းမနားကိုသွားပြီး ဈေးဝယ်စရာမလိုဘူး။ မြို့မဈေးကြီး “ငါ”တို့ စီစဉ်ထားတယ်။ ငါတို့ ကိုယ်စီကိုယ်စီ ဆိုင်ခန်းတွေယူထားပြီး ပြန်ငှားထားတဲ့ ဆိုင်တွေမှာ “မင်း”တို့ ဝယ်ဖို့အတွက် စားစရာတွေ ရှိတယ်၊ သောက်စရာတွေရှိတယ်၊ ဝတ်စရာရှိတယ်၊ လိုတာတွေအားလုံး ရောင်းပေးဖို့ ရှိတယ်။ ဘာပူစရာ လိုသေးလို့လဲ။

အဆောင်ကနေ သွားဖို့လာဖို့လဲ ငါတို့စီစဉ်ထားတဲ့ တော်ဝင်ဆိုတဲ့ အဲယားကွန်း ကားကြီးတွေ။ ဒါပေမယ့် အဲယားမွန်းလို့ ခေါ်ကြတာ မဆန်းဘူးလေ။ လူတွေနဲ့ ပြည့်ကြပ်ပြီးမှ မောင်းတဲ့ကား။ ဒီမြို့မဈေး စည်ကားအောင် ဘယ်ကလာလာ ဒီတော်ဝင်ကားတွေက ဒီမှာ ဂိတ်အစုံ လုပ်ထားပြီး ဒီမှာတင် ကားပြောင်းစီးရတယ်။ ဒီမှာ ဆင်းရတယ်။ ဒီမှာ ဈေးဝယ်ရတယ်။ ဒီကပဲ လှည့်ပြန်ရတာ။

ဘယ်မှဆက်မသွားရတော့ ပျဉ်းမနားဆိုတာ မင်းတို့သွားစရာ မလိုတဲ့ နေရာပေါ့။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာ အဲဒီ ရုံးပေါင်းစုံဆီ သွားတဲ့ ဇေယျဌာနီ လမ်းမကြီးပေါ်မှာ ဘယ်တော်ဝင်ကားမှ မသွားကြ၊ မလာကြ၊ အဆက်ဖြတ်ထားကြတော့ ခြောက်ကပ်ကပ်နဲ့ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။

ကြပ်ပြေးမြေရောက်စက ရန်ကုန်မြေ ပြန်ချင်ပေမယ့် အခုတော့ အောက်ခြေဝန်ထမ်းတွေ ပြန်စရာ သွားစရာထက် စားစရာက ပိုပြီး အရေးကြီးနေလို့ ရန်ကုန်ကို ပြန်ချင်စိတ်တွေ လျော့နည်းလာကြပြီ။

လစာနည်း အောက်ခြေဝန်ထမ်းအများစုက လစာ (၃) သောင်းကျော် (၄) သောင်းနဲ့ ဘယ်လိုပြန်ကြ၊ ဘယ်လိုစားကြမလဲ။ လက်လီ စားသောက်ကုန်တွေက နဂိုဈေးနှုန်းကနေ လားလားမှ မကျလေတော့ ကျုပ်တို့ အပတ်စဉ်ရုံးမှာ ချဉ်ပေါင်းဟင်းနဲ့ ဘဲဥကြော်၊ ငရုပ်သီးလှော်ပြီး လျှာပူပူတိုက်နေကြရတဲ့ ဝန်ထမ်းများ ရုံးတွေမှာ အော်နေကြပြီပေါ့။ အခုတော့ ကျုပ်တို့ဘဝ အသားကျနေပြီ။

ဟုတ်ပြီ-- အဲဒီလို အသားကျနေရတော့ ကျုပ်တို့ဘဝတွေကို ခံနိုင်ရည်ရှိရှိနဲ့ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားအတိုင်း ဆိုပေမယ့် ကြပ်ပြေးနေပြည်တော်မှာ ပျော်လဲ မပျော်ရ၊ တော်ရာနေရာလဲ မဟုတ်တဲ့နေရာမှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အချိန်တွေ ကုန်ခဲ့ရပြီ။

ကျုပ်တို့အတွက် အခုဆိုရင် ကွင်းကြီးဆိုတဲ့ နေရာ ဟိုး ဥတ္တသီရိမြို့သစ်ကို ကျော်သွားပြီး အကြာကြီး ကားမောင်းသွားရတဲ့ နေရာ၊ ကွေ့ပတ်တဲ့တောင်ကုန်း တောင်စောင်းတွေကနေ ဆင်း-ဆင်းသွားပြီး ဘုံကွဲချောင်းဆည်လို့ ခေါ်မယ့် လျှိုကိုကျော်၊ ကားတော်တော် မောင်းပြီးမှ မြောက်ပိန်းချောင်းဆည် သတ်မှတ်မယ့်နေရာ မရောက်ခင် လျှိုလိုလို မြောင်လိုလို ဖြစ်နေတဲ့ ကွင်းကြီးဆိုတဲ့နေရာမှာ မီးသဂြိုဟ်စက်ဆောက်ပြီး စောင့်နေပြီဆိုတော့ ကျုပ်တို့ဘဝ ပိုပြီးအသားကျနေပြီပေါ့။

အခုတော့ ကြပ်ပြေးနေပြည်တော်ကြီးမှာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်လာကြတဲ့ ကျုပ်တို့ အောက်ခြေ ဝန်ထမ်းအများစုက အညာနေပူပူ လေပူပူမှာနေရလို့ နဂိုက အသားလတ်တဲ့လူက အသားတွေညို၊ အစားတွေကလဲ “ချို” စားရတော့ အသားအရေကပါ မစိုနိုင်။ အသွေးအရောင်က ပွေးခြောက် ပေါင်မှာစွဲသလို မွဲခြောက်ခြောက် အရောင်နဲ့ဘယ်လို စိုပြီး ပြောင်နိုင်ပါ့မလဲ၊၊

ဂျိုးဖြူရေ သောက်သုံးခဲ့ကြတဲ့ ကျုပ်တို့ရန်ကုန်လူမျိုးတွေ ဒီကြပ်ပြေးမှာ နိစ္စဓူဝနေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ စားရ သောက်ရတဲ့ အခြေအနေတွေက လေပွေထဲပါသွားသလို။ ကျုပ်တို့ ဘဝတွေထဲမှာ ဟိုသူကပိန် ဒီသူကပါးနဲ့ “အသား”မရှိတော့။

ဟိုသူကျတော့ ရန်ကုန်ဆေးပြန်ကု၊ အခုတယောက်ကျတော့ နေမြင်ညပျောက်နဲ့ မနေ့ကပဲ ရက်လည် ဆွမ်းသွတ်တယ် သတဲ့။ ပေါင် (၁၄ဝ) လောက်ရှိတဲ့လူ ရန်ကုန်ပြန်ရောက်မှ ပေါင်ချိန်ကြည့်လို့သိရတာ ပေါင် (၁ဝဝ) ကျော် ရုံပဲ ရှိတော့တယ်။

ကျုပ်တို့ဘဝတွေရဲ့ အဆီတွေ အသွေးတွေ အသားတွေ လျောကျလာတာ အသေအချာဆို တော့ နေပြည်တော်မှာ ကျုပ်တို့ဘဝ “အသား” ကျနေပြီ လေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့