..............................

Tuesday, February 24, 2009

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဂယက်

ရဲဘော်ဖိုးသံချောင်း / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗမာပြည် အရေးကိစ္စကို ပြန်လည် သုံးသပ်ရမယ်လို့ ပြောလိုက်တော့ ဗမာပြည် နိုင်ငံရေးလောကမှာ အတော်လေး လှုပ်ရှုား သွားပါတယ်။ အထူးအဖြင့် ပြည်ပရောက် အတိုက်အခံတွေ အကြားမှာဖြစ်ပါတယ်။ ရေဒီယိုတွေ၊ ဘလော့ဂ်ဆိုက်တွေမှာ အထူး အလေးပေး ပြောဆို ဆွေးနွေးကြတာ ကြားရ၊ ဖတ်ရပါတယ်။

အမေရိကန်ဟာ သူ့ပေါ်လစီတွေ ပြန်သုံးသပ်မယ်ဆိုတာ ထိတ်လန့်စရာလား။ မဟုတ်ဘူး ထင်ပါတယ်။

အမေရိကန်ဟာ အင်အားကြီးနိုင်ငံကြီးတခု အနေနဲ့ သူ့ပေါ်လစီ၊ သူ့ဝါဒတွေကို သူတို့ အကျိုးစီးပွားနဲ့ အညီ၊ ချမှတ်နေ၊ ပြောင်းလဲနေတာဟာ ဘာမှ မဆန်းပါဘူး။ သူတို့ ဒီလို လုပ်တာ နဲ့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတာ မဖြစ်သင့်ဘူး ထင်ပါတယ်။ ဗမာပြည် ပြည်သူတွေရဲ့ အရေးကို ပိုလို့၊ ပိုလို့များတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါကိုပဲ အင်မတန် အချက်အချာကျတဲ့၊ အရေးပါတဲ့ အချက်ဖြစ်တယ် ဆိုတဲ့အထိ တွက်လိုက်ရင်တော့ မှားပါတော့မယ်။ ဗမာပြည် ပြည်သူတွေရဲ့အရေးဟာ တခြား တနိုင်ငံက ကူညီတာနဲ့ အောင်ပွဲ ရမှာတော့ မဟုတ်သလို တခြားတနိုင်ငံက မကူညီတာနဲ့ ရှုံးနိမ့်သွားမှာလည်း မဟုတ်ပါဘူး။

ကျေးဇူးကန်းတာတော့ မဟုတ်ပါ။ ဒါပေမယ့် ထောက်ပြရမှာက အမေရိကန် အခုလို ဗမာပြည် အရေးမှာ ၀င်ပါနေခဲ့လို့ ဒီအနှစ် (၂၀) အတွင်း ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံဟာ အောင်ပွဲနဲ့ ဘယ်လောက်များ နီးလာခဲ့ပါသလဲ။ နအဖရဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ရက်စက်မှုတွေကို ဘယ်လောက်များ တားနိုင်ခဲ့ပါသလဲ။ အားနာစွာနဲ့ ပြောရရင်တော့ မထိရောက်ခဲ့ဘူးလို့ပဲ ပြောရမှာပါ။ ဒါကို အခု အမေရိကန် ကိုယ်တိုင်ကလည်း သိလို့ ပြန်စဉ်းစားမယ် ပြောနေတာဖြစ်ပါတယ်။

ဝါရှင်တန်က သဘောထားပြောင်းတယ် ဆိုတဲ့အတွက်နဲ့တော့ နအဖအစိုးရရဲ့ အာဏာရှင် လက္ခဏာဟာ နည်းနည်းမှ ပြောင်းလဲ မသွားဘူး ဆိုတဲ့အချက်ကို မျက်ခြေ မပြတ်ရေးက အဓိက ကျပါတယ်။ (အမေရိကန် အစိုးရကလည်း နအဖရဲ့ လက္ခဏာ ပြောင်းသွားတဲ့ အတွက် သူတို့ရဲ့ သဘောထားကို ပြန်သုံးသပ် ရတယ်လို့ မပြောပါဘူး။) ဒါကို အထူး သတိထားသင့်ပါတယ်။ နို့မို့ရင် အမေရိကန်က သဘောထား ပြောင်းတာနဲ့ပဲ ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ လမ်းစဉ်သစ်၊ လုပ်ငန်းစဉ်သစ်တွေ ချမှတ်ရတော့ မလိုလို ဖြစ်လာပါမယ်။

တကယ်ကျတော့ အိမ်ဖြူတော်ကလူများက ပိုပြီးလက်တွေ့ကျတဲ့ ပေါ်လစီတွေ ရှာသလို ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲ ၀င်နေသူတွေ ကလည်း ပိုပြီးလက်တွေ့ကျတဲ့ လုပ်ငန်းတွေဆီ ခြေစုံပစ်ဖို့ ဦးလှည့် သင့်ပါတယ်။ စိတ်ကူးယဉ်မှုတွေ ဖယ်ရှားပြီး ကိုယ့်ပြည်သူ လူထုရဲ့ လက်ကို မြဲမြဲတွဲကြရပါမည်။ ရွှေငုံးမင်းအဖို့ အမြီးထွက်လာဖို့ မျှော်နေဖို့ မလိုတော့ဘူးဆိုရင် ကျန်တာ၊ လုပ်စရာရှိတာကို လုပ်နိုင်တာပေါ့။

အခုအခါ တချို့လူတွေ စိုးရိမ်နေကြတဲ့ နောက်ကိစ္စတခုက နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီလူတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အတည် ဖြစ်သွားမှာကိုလည်း အလားတူ စိုးရိမ်ကဲခဲ့ ကြပါတယ်။ ဒါကြောင့် သူတို့က ဒါတွေကို ဖျက်ရေး၊ မပေါ်ပေါက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ရမယ် ဆိုတာမျိုး ပြောနေကြပါတယ်။ ပြည်ပဖိအားနဲ့ ရွေးကောက်ပွဲ မကျင်းပ ဖြစ်အောင် လုပ်နိုင်မယ် ဆိုတာမျိုးတွေ ပြောကြပါတယ်။ စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောရရင် ဗမာပြည်ရဲ့ ကနေ့ အနေအထားမှာ ဒီလို ကိစ္စတွေကို ပြည်ပ ဖိအားနဲ့ ဖျက်သိမ်းလို့ရမယ်လို့ ယူဆစရာအကြောင်း တချက်မှမရှိပါဘူး။ ဒီလိုကိစ္စတွေဟာ လက်ထဲမှာ အာဏာရနေရင် လုပ်လို့ရတဲ့ ဟာတွေမို့ ဒီလိုပြောတာ ဖြစ်ပါတယ်။

ဗမာပြည် သမိုင်းထဲက ရွေးကောက်ပွဲဆိုတာ မှန်သမျှကို ပြန်စဉ်းစားကြည့်ပါ။ ၁၉၄၇ ခုနှစ်က တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ အဲဒီနောက် မဆလ လက်ထက် ရွေးကောက်ပွဲတွေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၊ (ကိုလိုနီလက်ထက်က ရွေးကောက်ပွဲ အမျိုးမျိုးကို မပြောတော့ပါဘူး)၊ အားလုံးကို ပြန်ကြည့် လိုက်ရင် အဲဒီကာလမှာ တိုင်းပြည်ရဲ့ အာဏာကို ရနေတဲ့ အစိုးရတွေက အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲ လုပ်ချင်စိတ်ရှိလို့ လုပ်ပေးပြီး ပေါ်ပေါက်ခဲ့တဲ့ ရွေးကောက်ပွဲတွေချည်း ဖြစ်ပါတယ်။ ဒါကို တနည်းပြန်ပြောရရင် ရွေးကောက်ပွဲဆိုတာ အာဏာရှိမှ လုပ်လို့ရပါတယ်။ ထပ်ပြီးတနည်း ပြောရရင် အာဏာရှိနေရင် ရွေးကောက်ပွဲ လုပ်လို့ရပါတယ်။

ဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံ ဆိုတာလည်း အတူတူပါပဲ။ အာဏာဟာ သော့ချက်ဖြစ်ပါတယ်။ ဒါကို မျက်စေ့လည်ရင် ကျန်တာတွေလည်း မှားကုန်တတ်ပါတယ်။

ဗမာပြည်က စစ်အစိုးရဟာ ကမ္ဘာ့သမိုင်းမှာ တိုင်းပြည်အာဏာကို ကာလ အရှည်ကြာဆုံး အာဏာ ဆက်တိုက် ယူထားတဲ့ စစ်တပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာ၊ အာဏာကို ကိုင်တဲ့နေရာမှာ ဘာတွေဟာ အရေးအကြီးဆုံးလဲ ဆိုတာကို သူတို့က ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။ ဒီတိုင်းပြည်မှာ သူတို့လောက် ဘယ်သူမှ နားမလည်ဘူး လို့တောင် ပြောရင် ရမယ်ထင်ပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီ အနှစ် လေးဆယ်ကျော် အတွေ့ အကြုံထဲကနေ သုံးသပ် နိဂုံးချုပ်ထားတာတွေကို အခြေခံပြီး ဘယ်ဝန်ကြီးဌာန မျိုးတွေကိုတော့ တခြားလူတွေကို ပေးထားနိုင်တယ်ဆိုပြီး ဒီရွေးကောက်ပွဲကို လုပ်တာပါ။

ဒီရွေးကောက်ပွဲမှာ ဘယ်သူပဲဘယ်လောက်နိုင်နိုင်၊ သူတို့စစ်အုပ်စုရဲ့ အာဏာနဲ့ စည်းစိမ်ကို နည်းနည်းမှ အန္တရာယ် မပြုနိုင်ကြောင်း သေချာအောင်လုပ်ပြီးမှ ဒီရွေးကောက်ပွဲကို လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ မလုပ်နိုင်လို့ ပျက်သွားလည်း နအဖ အဖို့က အရင်းပဲဆိုတာကို မေ့လို့မဖြစ်ပါ။ အာဏာဟာ သူတို့ရဲ့ လက်ထဲမှာပဲ ကျန်ရစ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရတွေတရပ်ဟာ ဖွဲ့စည်းပုံတွေ၊ ရွေးကောက်ပွဲတွေ လုပ်နိုင်တဲ့ အတွက် အာဏာ မြဲသွားပါလေရော လို့တော့ မပြောနိုင်ပါဘူး။ အဲဒီလို အစိုးရတရပ်နဲ့ ဖွဲ့စည်းမှု သဏ္ဍာန်ပိုင်းနဲ့ ပြောရရင် ဖဆပလ၊ ပထစ၊ မဆလ အဲဒီအစိုးရတွေ အားလုံး ပြည်စုံတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အဲဒီအစိုးရတွေ အားလုံးဟာ ပျောက်ကွယ်ချင်တော့လည်း တမုဟုတ်ချင်းပဲ ပျောက်ကွယ်သွားတာပဲ မဟုတ်ပါလား။

ဒါကိုမမြင်ဘဲ နအဖရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲတို့ကို ပိုတွက်သူတွေဟာ “မဆန့်ကျင်နိုင်ရင် ၀င်ပူးမှ” (When you can’t resist, join ‘em) ဆိုတဲ့ ဆောင်ပုဒ်ကို ကျင့်သုံးလာကြပါတယ်။ အဲဒီအတွက် သဘောတရားတွေ ရှာကြံ ထူထောင်ကြပါတယ်။ တဆက်တည်းမှာ တခြား မြေခွေးတွေကိုလည်း အမြီးဖြတ် ခိုင်းကြပါတယ်။ ဒီလိုလုပ်တာကို ပြည်တွင်းရော၊ ပြည်ပမှာပါ အခုတလော တွေ့နေရပါတယ်။ တကယ်က သူတို့ ပြောနေတာတွေဟာ ကိုယ့်ဖက်က အလျော့ပေးရေးသာ ဖြစ်ပါတယ်။ ဒီလိုအတွေးအခေါ် ရှိသူတွေ အဖို့တော့ အမေရိကန် အစိုးရက ပေါ်လစီပြောင်းတယ်ဆိုရင် သူတို့ရဲ့ အလျော့ပေးရေး ၀ါဒအတွက် အကြောင်းပြစရာ အချက်တချက် ရသွားမှာ မုချပါပဲ။

သူတို့တော်တော်များများ ပြောလေ့ရှိတဲ့ စကားတခွန်းက နအဖ ပေးသမျှ ဒီမိုကရေစီကို ယူထားပြီး နောက်မှ တဖြည်းဖြည်း ပုံသွင်းယူမယ်၊ ပြောင်းယူမယ် ဆိုတာပါပဲ။ ဒါဟာ လှောင်ချိုင့် တခုထဲမှာ လူသားစားကျားနဲ့ အတူနေပြီး အဲဒီကျားကို လိမ္မာအောင် ပုံသွင်းယူမယ်လို့ ပြောတာနဲ့ တူမနေပေဘူးလား။ အဲဒီလို အဆိုတင် နေသူတွေကို နောင်မှာ ဘယ်နွားပြာကြီး အောက်သွား မရှိဖြစ်မလဲ စောင့်ကြည့်ရတာပေါ့လို့ပဲ ပြောလိုက်ဖို့ ကောင်းပါတယ်။

ပြန်ချုပ်ရရင် ဒီနေ့ နိုင်ငံတကာ အပြောင်းအလဲတွေက ဗမာပြည် ပြည်သူတွေရဲ့ အရေးတော်ပုံကို ဆက်လက် သယ်ဆောင်ရေး အတွက် ပြည်တွင်းက ပြည်သူလူထုက လွဲလို့ ဘယ်သူ့ကိုမှ အားကိုးလို့ မဖြစ်ဘူးဆိုတာကို ထပ်ပြီး ထင်ထင်ရှားရှား သက်သေပြနေပါတယ်။ ပြည်တွင်းမှာ ထိထိရောက်ရောက် တခုခုဖြစ်ပါမှ အခြေခံ ကျတဲ့ အပြောင်းအလဲမျိုး ဖြစ်မယ်ဆိုတာ အမြဲ သတိရနေသင့်ပါတယ်။ အထူးသဖြင့် ဧရာဝတီ မြစ်ရိုး တလျောက်မှာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့