..............................

Friday, February 27, 2009

စီးပွားရေးဒဏ်ခတ်မှုဥပဒေ ရုတ်သိမ်းအောင် အန်အယ်လ်ဒီ လုပ်ရန်မလို

မင်းနိုင်သူ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများသည် အန်အယ်လ်ဒီပါတီက ပြုလုပ်ထားခြင်း မဟုတ်သည့်အတွက် ပါတီဘက်မှ ရုတ်သိမ်းပေးရမည့် ကိစ္စရပ်များ မဟုတ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၂/၀၂/၀၉) ၌ စီးပွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဖော်ပြချက်ပါ စာသားကြောင့် အဓိပ္ပါယ် ရောထွေးမှုများ ဖြစ်ပေါ်လာရသဖြင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အဲဒါကို တချို့မီဒီယာတွေရော၊ နိုင်ငံရေးအင်အားစုတွေရော အဓိပ္ပါယ်ကောက် လွဲမှာစိုးလို့ ပြန်လည် ပြင်ဆင်ချက် ထုတ်ထား ပြီးပါပြီ။ အန်အယ်လ်ဒီ ပါတီအနေနဲ့က စီးပွားရေး ပိတ်ဆို့မှုတွေကို ထောက်ခံတာလည်း မရှိဘူး။ ကန့်ကွက် တာလည်း မရှိဘူး။ ဒါတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သူ့သဘောနဲ့သူ ဆောင်ရွက် ခဲ့ကြတာပါ။ အဲဒီတော့ ရုတ်သိမ်းပါ ဆိုတဲ့ဟာ ကျနော်တို့ လုပ်ထားတာ မဟုတ်တဲ့ အတွက် ရုတ်သိမ်းလို့ မရဘူး။ ဒီဥစ္စာက တိုင်းပြည်နဲ့ လူထုအတွက် အကျိုး မရှိဘူးလို့ ယူဆလို့ရှိရင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ဒီလိုအကြံပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို ပြဌာန်းသည့် အဖွဲ့အစည်း မဟုတ်သော်လည်း တချိန်က မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုခဲ့သည့် သာဓက ရှိသည်။

၁၉၉၆ ခု ဇူလိုင်လတွင် အီးယူ ပါလီမန် အမတ်များအား ပြသရန်အတွက် မြန်မာနိုင်ငံမှ ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို တိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် (၁၈) ရက်နေ့စွဲပါ ဘရပ်ဆဲမှ လာသည့် ရိုက်တာ သတင်းမှာ ဖော်ပြ ထားသည်။ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်သည့် အတွက် အခွင့်ထူးခံ လူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး လူထုကို မထိခိုက်နိုင်ကြောင်း အဆိုပါ ဗီဒီယို တိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

၁၉၉၇ ခု ဖေဖော်ဝါရီလမှာလည်း မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာ ရပ်ခံခဲ့သည့် အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ (၃) ရက်နေ့စွဲပါ ရန်ကုန်မှာလာသည့် အေပီ သတင်း၌ ဖော်ပြထား သည်။ အဆိုပါ သတင်းများကို ပြည်ပ မြန်မာဘာသာ ရေဒီယို များမှလည်း ထုတ်လွှင့်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် စစ်အစိုးရအား နိုင်ငံရေး ပြောင်းလဲရန် သြဇာ မညောင်းခဲ့သည့် အတွက် အဆိုပါ ဒဏ်ခတ်မှု ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောခဲ့သော်လည်း စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ရုတ်သိမ်းမည်ဟု တိတိကျကျ ပြောခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားသည်နှင့် အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံ အင်အားနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက ထောက်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့