..............................

Friday, June 26, 2009

KNU တပ်စခန်းများ ထပ်မံ ထိုးစစ်ဆင်ခံရဖွယ်ရှိ

သန်းထိုက်ဦး
Thursday, 25 June 2009 19:25

မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များသည် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ KNLA တပ်မဟာ (၆)ဌာနချုပ်မှ တပ်စခန်းများကို ထပ်မံ၍ ထိုးစစ်ဆင် တိုက်ခိုက်ရန် ရှိကြောင်း သိရှိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ ပူးပေါင်းတပ်များသည် KNU ၏ တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်မဟာ (၆) ဌာနချုပ်ရှိ တပ်စခန်းများကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ရန် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ဌာနချုပ်မှ တပ်စခန်းများကို တိုက်ခိုက်မှု နှင့် ပတ်သက်၍ DKBA တပ်ဖွဲ့များက အကျိုးစီးပွားရေး အတွက်သော်လည်းကောင်း၊ နယ်မြေ စိုးမိုး ရေး အတွက် သော်လည်းကောင်း သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးစားသွားရန် ရှိသည်ဟုလည်း DKBA နှင့် နီးစပ်သူ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“DKBA ၉၉၉ လုံးက နယ်ခြားစောင့်တပ်လုပ်ဖို့ လက်ခံလိုက်ပြီ၊နယ်ခြားစောင့် တပ်ဖွဲ့ လုပ်ဖို့ အတွက် လက်မှတ် လည်း ထိုးလိုက်ပြီး၊ လုပ်မယ်ဆိုတော့ သူတို့ နယ်စပ်မှာ ရှိတဲ့သူတွေ(KNLA)ကို ဒါ နယ်ခြားစောင့် တပ်ရဲ့တာဝန် တိုက်ရမယ် ဆိုတော့ တိုက်လိုက်တာ ဖြစ်တယ်”ဟု ဆိုသည်။

ယင်း KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) ဌာနချုပ်များသည် ကရင်ပြည်နယ် ဘားအံ ခရိုင်တွင် လှုပ်ရှားနေ ပြီး အဓိက တပ်စခန်းများလည်း ဖြစ်သည်။

KNLA တပ်မဟာ (၇) ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားပြီး နောက်ပိုင်း DKBA တပ်ဖွဲ့ ၀င်များက ထိုဒေသများတွင် ရှိသော သစ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပြီး စီးပွားရေး လုပ်ရန် ရှိကြောင်းလည်း DKBA နှင့် နီးစပ်သူက ဆက်လက် ပြောဆိုသည်။

“သူတို့က ထိုင်းဘက်မှာပဲ ရောင်းမှာပေါ့၊ ဖောက်သည်တွေ အများကြီး ရှိတာကိုး၊ အခု တိုက်ပွဲမှာတောင် ဒဏ်ရာရ တာတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေ မြဝတီ၊ မြ၀တီကနေ မဲဆောက်အထိ ရောက်လာကြတာပဲ” ဟု လည်း သူက ပြော သည်။

တချိန်တည်းမှာပင် တိုက်ပွဲများသည် KNLA တပ်ဖွဲ့များနှင့် DKBA သိမ်းပိုက် ထားသည့် တပ်မဟာ (၇) ဌာနချုပ် အနီး နှင့် တောင်ငူမြို့ အပါအ၀င် ညောင်လေးပင်၊ သထုံ၊ ဖာပွန် မြို့နယ်များတွင် ပြောက်ကျား တိုက်ပွဲ အငယ်များ ဆက်လက် ဖြစ်ပွား နေကြောင်း သိရသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါကမူ“ မြန်မာ စစ်အစိုးရ အနေနဲ့ အခုလို တိုက်ခိုက် နေခြင်းဟာ KNU လက်အောက်ခံ တပ်စခန်းများကို အပြုတ် ချေမှုန်းရေး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် အရ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။

DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီ ခဲ့သည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

မြန်မာစစ်အစိုးရသည် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ကိုနယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် မကြာသေးခင်က ညွှန်ကြားခဲ့သည်။

ဇွန်လဆန်းမှ စတင်၍ မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များသည် KNLA တပ်မဟာ (၇) ဌာနချုပ်မှ တပ်စခန်းများကို ဆက်တိုက် ထိုးစစ် ဆင်ခဲ့ရာ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်း နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့