..............................

Monday, June 22, 2009

ထူးထူးဆန်းဆန်း တပ်တွင်း သင်တန်း နအဖ စစ်တပ်က ဖွင့်လှစ်

6/21/2009

မင်းအောင် (နိရဉ္စရာ) နအဖ စစ်တပ်မှ ထူးထူး ဆန်းဆန်း တပ်တွင်း သင်တန်း တခုကို စစ်တွေမြို့ တိုင်းဗဟို (၉) လေ့ကျင်းရေး ကျောင်းတွင် ဇွန်လ ၁၇ ရက်နေ့က စတင် ဖွင့်လှစ်လိုက်သည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် တပ်ကြပ်ကြီး တဦးက “ကျနော် ကတော့ ဒီလို သင်တန်းမျိုးကို ခုလို တကူးတက ခေါ်ပြီး ပို့ချတယ် ဆိုတာ တခါမှ မကြားမိပါဘူး။ သင်တန်းနာမည်က “တပ်သားသစ် စည်းရုံး သိမ်းသွင်းရေး နည်းနာ သင်တန်း” ဖြစ်ပါတယ်” ဟုပြောသည်။

ယခု ဖွင့်လှစ်သည့် သင်တန်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တဦးက ပို့ချ နေသည်ဟု သိရသည်။

“သင်တန်းကို တပ်ရင်း တရင်းက အကြပ် အဆင့် အထက် စစ်သည် ၄ ဦးကျ တက်ရောက်နေပါတယ်။ အားလုံး သင်တန်းသား ၇၀ ကျော် ဖြစ်ပါတယ်။ ပို့ချတာက တပ်သား သစ် ရရှိရေးဟာ တပ်မတော်ကို အစဉ်နုပျို နေဖို့ ဖြစ်တယ်။ တပ်မတော် အတွက် တပ်သားသစ်တွေ ရရှိအောင် စည်းရုံးရေး လမ်းညွန်တွေကို ပို့ချပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က လူငယ် အများအပြား ဆင်းရဲ ကျပ်တည်းမူကြောင့် စစ်တပ်ထဲသို့ ၀င်ရောက် ခဲ့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းမှ စပြီး စစ်တပ်ထဲသို့ ၀င်ရောက်သည့် လူငယ် အရေအတွက် အထူး ထိုးကျခဲ့သည်ဟု သိရသည်။

သို့အတွက် တပ်ထဲသို့ ၀င်လိုသည့်လူငယ် တဦးစီကို ကျပ်ငွေ တသိန်းနှင့် ဆန်တအိတ်စီ စစ်တပ်မှ ထုတ်ပေးသည်ဟု သိရသည်။

သို့သော် တပ်ထဲ ၀င်ရောက်သူ လူငယ်နုန်းထားမှာ လျော့ကျမြဲ လျော့ကျနေသဖြင့် ယခုကဲ့သို့ တပ်သားသစ် စည်းရုံး သိမ်းသွင်းရေး နည်းနာ သင်တန်းကို ဖွင့်လှစ် ပို့ချလာရခြင်း ဖြစ်သည်ဟု သိရသည်။

သင်တန်းကာလမှာ စုစုပေါင်း တပတ်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့