..............................

Friday, June 26, 2009

မစၥတာဂမ္ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ

NEJ / ၂၅ ဇွန် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂကို ကိုးကား၍ နိုင်ငံတကာ သတင်း မီဒီယာများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် ယမန်နေ့က အမေရိကန်နိုင်ငံ နယူးယောခ့်မြို့မှ မြန်မာနိုင်ငံ သို့ ထွက်ခွာ သွားခြင်းဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ် မတိုင်မီ အကြို သွားရောက်ခြင်း ဖြစ်နိုင်သည် ဟုလည်း ကုလသမဂ္ဂ သံတမန်များက ထင်မြင် ယူဆနေကြသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့သွားရောက်ရန် သင့်တော်သော အချိန်ကို စောင့်ဆိုင်း နေကြောင်း အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် ဇွန်လ (၃၀) မှ ဇူလိုင် (၂) ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ရန် အစီအစဉ် ရှိပြီး ထို့နောက် မြန်မာနိုင်ငံသို့ သွားရောက် နိုင်သည်ဟုလည်း သတင်းတွင်ဖော်ပြသည်။

မစ္စတာဂမ်ဘာရီ ယခုမြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဒီခရီးစဉ် အပေါ်မှာ ကျနော်တို့ သိပ်ပြီးတော့ အကောင်းမြင် ပြောလို့လည်း မသင့်ဘူးဗျာ။ အဆိုးမြင် ပြောလို့လည်း မသင့်ဘူးဗျာ။ ဒါပေမယ့် ကမ္ဘာ့ အဖွဲ့အစည်း အနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာအပေါ်မှာ စိတ်ဝင်စားပြီး လာရောက်တာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့ပြီး ယခုအကြိမ် သည် (၈) ကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်အမှု ဆောင်များနှင့် တွေ့ဆုံ နိုင်ခဲ့သည်။ တွေ့ဆုံပွဲတွင် အန်အယ်လ်ဒီက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး စသည့် အချက် (၃) ရပ်ကို အဓိကထား တင်ပြခဲ့သည်။

ယင်းသို့ အန်အယ်လ်ဒီဘက်မှ အဓိကထား ဆွေးနွေးခဲ့သော အထက်ပါအချက် များမှာ ယခု အချိန်ထိ တခုမျှ ပေါ်ထွန်း အောင်မြင်လာခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီခရီးစဉ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း လာရောက် နိုင်ရေးအတွက် အကြို ညှိနှိုင်းမှုများ လာရောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း မစ္စတာဂမ်ဘာရီ အနေဖြင့် အောင်မြင်မှုများ မရခဲ့သဖြင့် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့