..............................

Tuesday, June 23, 2009

အောင်ဆန်းကွင်းမှာ ဘောလုံးကစားခွင့် ပိတ်ပင်

NEJ / ၂၂ ဇွန် ၂၀၀၉

လုံခြုံရေးအခြေအနေကြောင့် လက်ရှိကျင်းပနေသည့် မြန်မာ နေရှင်နယ်လိဂ် ကလပ် အသင်းများ၏ ဘောလုံးပြိုင်ပွဲ များကို အောင်ဆန်းကွင်း၌ ကျင်းပခွင့် ပိတ်ပင်လိုက်ကြောင်း အားကစား ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။

ဇွန် (၂) ရက်၌ ဦးတေဇပိုင် ရန်ကုန်အသင်းနှင့် ဥသာ ယူနိုက်တက် အသင်းတို့ ကန်ရာတွင် ဒိုင်က ပင်နယ်တီ ပေးရာတွင် မှားသည်ဟု ပရိသတ်က ဆူဆဲကြရာမှ ပလတ်စတစ်ခုံများ ရိုက်ချိုးသည် အထိ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယင်းသို့ တားမြစ် လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အဲဒီပုံတွေအားလုံး နိုင်ငံခြားသတင်းဌာနနဲ့ အင်တာနက်ထဲ ရောက်ကုန်တယ်။ အဲဒီနေ့က ပရိသတ် ဆူပူတာကို သတင်းထောက်တွေ အားလုံး ဓာတ်ပုံရိုက်ကြတယ်။ တယောက်ကိုပဲ ခေါ်စစ်နိုင်တယ်။ နောက် ဒါမျိုးပုံ မရိုက်ကြဖို့ သတင်းထောက် အားလုံးကို ညွှန်ကြားချက် ထုတ်လိုက်တယ်။ အဲဒီကစပြီး ၀န်ကြီးက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အောင်ဆန်းကွင်းမှာ ဆက်မကန်ဖို့ တားတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ဘောလုံးအဖွဲ့ချုပ်က မြက်များပျက်စီးနေသည့် အတွက်ဟု အကြောင်းပြကာ နှစ်ပတ်နားကြောင်း ကြေညာခဲ့ပြီး ယခုနောက်ပိုင်း ပွဲစဉ်အားလုံး အောင်ဆန်းကွင်းတွင် မကန်တော့ကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့မှ အားကစားဂျာနယ် အယ်ဒီတာတဦးကမူ ယခုကျင်းပနေသည့် သူဌေးကြီးများ၏ ကလပ်အသင်း ဘောလုံးပွဲ ကျင်းပချိန်မှစပြီး ၎င်းတို့၏ သတင်းရေးသားမှုများ မကြာခဏ ဖြတ်တောက်ခံရကာ စာပေ စိစစ်ရေးမှ ခေါ်ယူ သတိပေး ခံနေရသည်ဟု ပြောသည်။

၎င်းက “အဲဒီကလပ်အသင်းတွေက ငွေအကုန်အကျ အများကြီးခံပြီး ပရိသတ် အတုတွေကို အခမဲ့ ခေါ်နေတဲ့ကိစ္စ၊ သာမန် ပရိသတ်တွေ လက်မှတ် မရှိတော့ဘဲ လက်မှတ်တွေ မှောင်ခိုဖြစ်ရတာ၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာ၊ ပရိသတ်တွေဆူတာ အဲဒါတွေ ဘာတခုမှ ရေးလို့ မရဘူး” ဟု ပြောသည်။

ယခု အောင်ဆန်းကွင်း၌ ကန်ခွင့်မပေးတော့သည်ကို ပင်လျှင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည့် အတိုင်း ကွင်းထဲ မြက်ပြန်စိုက်ရန် ဟုသာ ရေးသားခွင့် ရကြောင်း ၎င်းက ရှင်းပြသည်။

ဘောလုံးပွဲများ အားလုံးကို သုဝဏ္ဏကွင်းမှာသာ ပြောင်းရွှေ့ကျင်းပနေသည့် အတွက် အမှန်တကယ် ကြည့်မည့် မြို့တွင်းမှ ပရိသတ်များ သွားလာရ ခက်ခဲသွားသော်လည်း ကလပ်အသင်း ပိုင်ရှင်များကမူ ငွေကုန်ကြေးကျခံ၍ ကားများငှားပြီ အခမဲ့ အားပေးမည့် ပရိသတ်များကို ဆက်လက် ခေါ်ယူနေဆဲ ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့