..............................

Thursday, June 25, 2009

ဒေါ်အောင်ဆန်းစုကြည်တရားခွင် ရွှေ့ဆိုင်း ရဦးမည်

NEJ / ၂၄ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူး တရားရုံး၏ သောကြာနေ့ တရားခွင်ကို ရွှေ့ဆိုင်း ရဦးမည် ဖြစ်သည်။

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့် အယူခံအတွက် နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက် မချမှတ်သေးသဖြင့် အင်းစိန် တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်း ပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခု ရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ချခံထားရတဲ့ အတွက် သက်သေ ထွက်ခွင့် မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများ ပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူး ဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။

ယခုကဲ့သို့ သက်သေထွက်ဆိုခွင့် အယူခံ ပြင်ဆင်ခွင့် တင်ရခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇ (၁) ပါ ပြဋ္ဌာန်း ချက်များနှင့် အညီ ဆောင်ရွက်ရန်နှင့် အောက်ရုံးများက ပြဋ္ဌာန်းချက်နှင့် အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် တင်ပြရခြင်း ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ဟု သိရသည်။

“တကယ်တမ်းက ဥပဒေနဲ့ မလျော်ညီလို့ ထပ်မံလျှောက်ထားတာကို အစိုးရဘက်က ဒီကိစ္စကို တလုံးမှ မပြောဘဲနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေပဲ ပြောနေတယ်။ ဦးတင်ဦးကို ပြောတဲ့ (၁၀/ခ) ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် တရားရုံးကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၁၄) ရက် (၅) လက အင်းစိန်တရားရုံးကို တရားစွဲတင် ခံရတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကျယ်ချုပ် ခံထားရဆဲ ဖြစ်တဲ့အတွက် အကျယ်ချုပ် ခံထားရသူဟာ ရုံးရှေ့ မရောက်နိုင်ဘူး ဆိုတာ မမှန်ဘူးလို့ တင်ပြခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင် အင်တာဗျူးပေးခြင်းနှင့် စပ်လျဉ်း၍လည်း ၎င်း၏ တသီးပုဂ္ဂလ ပြောဆိုခွင့် ဖြစ်ကြောင်း၊ တရားရုံးအား အနှောင့်အယှက် ပြုနေသည် မဟုတ်ကြောင်း ပြန်လည် လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန် တရားရုံးက သက်သေ တဦးသာ ခွင့်ပြုခဲ့သည့် အတွက် အထက် တရားရုံးများသို့ တင်ပြရာ ရန်ကုန်တိုင်း တရားရုံးက နောက်သက်သေ ဒေါ်ခင်မိုးမိုးကို ထပ်မံ ခွင့်ပြုခဲ့သည်။

ကျန်သက်သေ (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထွက်ဆိုခွင့် မပြုခဲ့ခြင်းကြောင့် ဗဟို တရားရုံးသို့ ထပ်မံ အယူခံ ၀င်ထားခြင်းဖြစ်သည်။

ယနေ့တရားခွင်တွင် အစိုးရရှေ့နေများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဦးဝင်းတင်က “ကျနော်က ကျနော့်အမြင် သဘောထား လွတ်လပ်စွာ ပြောတာပဲဗျာ။ ဒီလို ပြောတာဟာလည်း တရားရုံးရဲ့လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဝေဖန် နေတာလည်း မဟုတ်ဘူး။ တခြား ပါတီအရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာတော့ ပြောရမှာပဲလေ။ အဲလိုပြောတာနဲ့ တရားရုံးမှာ သက်သေ ထွက်ခွင့် မပြုနိုင်တာနဲ့တော့ မဆိုင်ဘူးဗျ” ဟု သူ့သဘောထားကို ပြောဆိုသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့