..............................

Thursday, March 12, 2009

အာဘီဆစ် အစိုးရကို ကျေးဇူးရှင် ပီအေဒီက ဖိအားပေး

BKK Post/The Nation / မတ်လ(၁၁) ရက်၊ ၂၀၀၉

ထိုင်းဒီမိုကရက်ပါတီ အာဏာရရန် လမ်းခင်းပေးခဲ့သည့် ပီအေဒီအဖွဲ့၏ တောင်းဆိုချက်များကို မလိုက်လျော နိုင်သည့်အတွက် အာဘီဆစ်အစိုးရ ဘေးကျပ်နံကျပ် ဖြစ်နေသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာ (၇) ရက်က ပီအေဒီဆန္ဒပြသူများကို နှိမ်နင်းရာ၌ ကြီးကြပ်ခဲ့သည့် ထိုင်းရဲချုပ် ပတ်ချရာဝပ် ၀မ်ဆူဝမ်ကို အရေးယူ အပြစ်ပေးရန် ပီအေဒီက ဖိအားပေးသည်ကို အာဘီဆစ် အစိုးရက လက်မခံ ခဲ့ပေ။ ထိုင်းကာကွယ်ရေး ၀န်ကြီးနှင့် ညီအစ်ကိုတော်သူ ရဲချုပ်နှင့် အာဘီဆစ်ကို အာဏာရအောင် လုပ်ပေးခဲ့သည့် နေ၀င်းချစ်ချော့တို့ ရင်းနှီးသည်။ ထို့ကြောင့် နေ၀င်းချစ်ချော့နှင့် ဒီမိုကရက်ပါတီ အတွင်း ရေးမှူးချုပ်လည်းဖြစ်၊ ဒု-၀န် ကြီးချုပ်လည်း ဖြစ်သည့် ဆူထက်တို့ ပေါင်းပြီး ရဲချုပ်ကို အကာအကွယ် ပေးသည်ဟု ပီအေဒီက စွပ်စွဲသည်။

တချိန်တည်းမှာပင် King Power Group ကုမ္ပဏီက အစိုးရမဖွဲ့ခင် ဒီမိုကရက်ပါတီ အမတ်တဦးကို ဘတ် (၁၀၀,၀၀၀) (ဒေါ်လာ ၃,၀၀၀ နီးပါး) ပေးခဲ့သည်ဟု ပီအေဒီခေါင်းဆောင် ဆွန်ထိက စွပ်စွဲခဲ့သည်။ ပီအေဒီသာ မပေါ်ခဲ့လျှင် တပ်ဆင်လည်း ၀န်ကြီးချုပ်က ပြုတ်မည် မဟုတ်သကဲ့သို့ အာဘီဆစ်လည်း အတိုက်အခံ ခေါင်းဆောင် ဘ၀က တက်မည်မဟုတ်။ ထို့ကြောင့် အာဘီဆစ် အစိုးရသည် ပီအေဒီအပေါ် ကျေးဇူးကြီးမားသည်ဟု ပီအေဒီက ယူဆပြီး အဆုံးစွန်သော တောင်းဆိုမှုများကို လုပ်လာခြင်း ဖြစ်သည်။

သို့သော် ဒီမိုကရက် အစိုးရကလည်း ပီအေဒီကို မျက်နှာသာပေးပုံ မရပေ။ မနှစ်က ပါလီမန်ကို ၀ိုင်းခဲ့သည့် ပီအေဒီ ဆန္ဒပြသူများ ဗုံးကိုင်ဆောင်သည် ဆိုသည့် ကောက်ချက်ကို ထိုင်းရဲက ကောက်ချက်ဆွဲ အပြီးတွင် ပီအေဒီ ခေါင်းဆောင် (၂၁) ဦးကို ပါလီမန်သိမ်းသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆင့်ခေါ်ခြင်း ခံရသည်။ ယင်းသို့ ဆင့်ခေါ်ခြင်းမှာ ဒု-၀န်ကြီးချုပ် ဆူထက်၏ လက်ချက် မကင်းဟု ပီအေဒီက ယူဆသည်။

ဤတွင် ပီအေဒီက နိုင်ငံရေး ပါတီထောင်မည့် အကြောင်း မကြာခင်က ကြေညာခဲ့သည်။ အာဘီဆစ် အနေဖြင့် ဆူထက်ကို နိုင်အောင် ကိုင်မည်ဆိုလျှင် လာမည့် ရွေးကောက်ပွဲ၌ ဒီမိုကရက် ပါတီအနိုင်ရရန် ပီအေဒီပါတီက ပူးပေါင်းမည် ဖြစ်သည့်အတွက် နေ၀င်းချစ်ချော့ကို အားကိုးစရာ မလိုဟု မက်လုံး ပေးသလိုလိုဖြင့် ခြိမ်းခြောက်သည်။

တဘက်ကကြည့်တော့လည်း နေ၀င်းချစ်ချော့သည် တပ်ဆင်ထောက်ခံသည့် အမတ် (၂၈) ဦးကို ဒီမိုကရက် ပါတီဘက် ခြံခုန်လာအောင် ဒီမိုကရက် အာဏာရအောင် ဦးဆောင်ခဲ့သူ ဖြစ်နေပြန်သည်။ ပီအေဒီကလည်း တပ်ဆင်အစိုးရ ပြုတ်ကျအောင် လက်တွေ့ အင်အားပြခဲ့သည့် အဖွဲ့ဖြစ်နေပြန်သည်။

ထို့ကြောင့် နိုင်ငံရေး အကျပ်အတည်းမျိုးစုံနှင့် ကြုံနေရသည့် အာဘီဆစ် အစိုးရအနေဖြင့် ပီအေဒီကို ဆက်ပြီး မဟာမိတ် လုပ်ထားရမည့် နည်းကလွဲ၍ လောလောဆည် အခြားရွေးစရာ မရှိ။ စီးပွားရေး တက်လာအောင် တွန်းအားပေးသည့် အနေဖြင့် အစိုးရက လူထုလက်ထဲ ငွေထည့်ပေးသည့် ကိစ္စ ပြီးအောင်စောင့်ရမည်။ ငွေရလျှင် လူထုက အာဘီဆစ် အစိုးရကို ထောက်ခံမည်။ ဤတွင် လူထုအားနှင့် ပီအေဒီကို အလွယ်တကူ ပြန်ရင်ဆိုင် နိုင်သည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့