..............................

Thursday, March 12, 2009

ဆယ်တန်းစာမေးပွဲ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချ

NEJ / မတ်လ(၁၁) ရက်၊ ၂၀၀၉

ရန်ကုန်မြို့တွင် ၂ဝဝ၈-၂ဝဝ၉ စာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို လုံခြုံရေး တင်းတင်း ကျပ်ကျပ်ချပြီး ကျင်းပနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စာမေးပွဲဖြေမည့် ကျောင်းသားကို ကိုယ်တိုင် လိုက်ပို့သူ မိခင်တဦးက “ကျမသားက ဗိုလ်တစ်ထောင် (၆) စာစစ်ဌာနမှာ ဖြေရပါတယ်။ ကျောင်းထောင့်မှာ လုံခြုံရေးရဲ (၃) ယောက် ချထားတယ်။ နောက်ထပ် ရဲလို့ ယူဆရတဲ့ အရပ်ဝတ် တယောက်က ဆိုင်ကယ်ရပ်ပြီး စောင့်တယ်။ ကျောင်းအဝင် ပေါက်ဝမှာတော့ အရန်မီးသတ် တပ်ဖွဲ့ဝင် (၄) ယောက်၊ ယာဉ်ထိန်းရဲ (၂) ယောက်၊ နောက် လုံခြုံရေး တာဝန်ယူရတဲ့ ဆရာ ဆရာမတွေ၊ အဲဒီလို ချထားတယ်။ အရင်နှစ်တွေ ကတော့ လုံခြုံရေး ဒီလောက် မတင်းကျပ်ဘူး” ဟု ပြောသည်။

အလားတူ ကျောင်းသားမိဘတဦးကလည်း ၎င်း၏သမီး စာမေးပွဲဖြေသည့် ကျောင်းထဲသို့ မဝင်ခင် ကျောင်းအပြင်မှာ ကတည်းက ကြိုးတန်းတွေ တန်းပြီး တန်းစီ ဝင်ခိုင်းကြောင်း၊ (၃) နေရာခန့်တွင် ရှာဖွေ စစ်ဆေးမှုများ လုပ်ကြောင်း ပြောသည်။

ယခုကျင်းပနေသည့် စာမေးပွဲမတိုင်ခင်ကာလသည် အခြားနှစ်များနှင့် မတူဘဲ ရန်ကုန် အပါအဝင် မြန်မာ တနိုင်ငံလုံး ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေ၍ စာမေးပွဲဖြေမည့် ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသား မိဘများက အစိုးရအပေါ် စိတ်ဆိုး ဒေါသထွက်နေကြသည့် အချိန်လည်း ဖြစ်သည်။

ရန်ကုန်တွင်လည်း မတ် (၁၁) ရက် နံနက် စာမေးပွဲဖြေမည် ဖြစ်သော်လည်း မတ် (၁ဝ) ရက်နေ့ည နေရာ အများအပြားတွင် လျှပ်စစ်မီး မရရှိကြောင်း မြို့ခံများက ပြောပြကြသည်။

ယခုကဲ့သို့ စာမေးပွဲအကြိုကာလ လျှပ်စစ်မီး မရသည်ကို အကြောင်းပြုပြီး မော်လမြိုင်မြို့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆူပူ ဆန္ဒပြမှုတရပ် ဖြစ်ခဲ့ပြီး အလားတူ တွံတေးမြို့တွင်လည်း ဖြစ်ပွားခဲ့ သေးကြောင်း၊ ထိုကြောင့် ဆူပူမှု တစုံတရာ မဖြစ်ရအောင်နှင့် ဖြစ်လာပါက အမြန်တားဆီးနိုင်ရန် ယခုကဲ့သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတဝန်းလုံးတွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသူ ကျောင်းသား (၅) သိန်းနီးပါးမှ (၅) သိန်းကျော် ဝင်ရောက် ဖြေဆိုကြပြီး အစိုးရက (၁) သိန်းကျော် အောင်ပေးလေ့ ရှိသည်။ ပြီးခဲ့သည့် ၂ဝဝ၅-ဝ၆ ခုနှစ်၌ (၅) သိန်းနီးပါး ဝင်ရောက်ဖြေဆိုပြီး (၂၅) ရာခိုင်နှုန်းနှင့် ညီမျှသည့် တသိန်း နှစ်သောင်းကျော် အောင်ပေးခဲ့သည်။

မြန်မာနိုင်ငံပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်း ရမှတ် အနည်းအများကို အခြေခံပြီး သက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် ဘာသာရပ် အမျိုးမျိုးကို တက်ရောက်ခွင့် ပေးသည့်အတွက် ကျောင်းသား ကျောင်းသူများ ရော၊ မိဘများပါ အလွန် အလေးထားသည့် စာမေးပွဲဖြစ်ကြောင်း စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့