..............................

Thursday, March 12, 2009

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး အီးယူဒဏ်ခတ်စာရင်း ပါနေ၍ ဥရောပ အာဆမ် အစည်းအဝေး တက်ခွင့်မရ

NEJ / မတ်လ(၁၁) ရက်၊ ၂၀၀၉

ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် မူးယစ်ဆိုင်ရာ အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော်လည်း အဆိုပါ ပုဂ္ဂိုလ်များအား အီးယူက ဒဏ်ခတ် ပိတ်ဆို့ထားသည့် အတွက် လာရောက်ခွင့် မရဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။

သို့သော် အီးယူက ၂၀၀၈ ခုနှစ်တွင် ထပ်မံ ဖြည့်စွက်ထားသည့် မြန်မာနိုင်ငံမှ ဒဏ်ခတ်ထားသူများ စာရင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညွန့်ညွန့်ဦးတို့ အမည်လည်း ထည့်သွင်းထားသည်ကို ခေတ်ပြိုင်က ဖတ်ရှုရသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် အီးယူမှ ဗီဇာထုတ်မပေးရေး ဒဏ်ခတ်ခြင်း၊ လက်နက် မရောင်းချခြင်း၊ အီးယူ နိုင်ငံများရှိ မြန်မာ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အီးယူသို့ အထည်အလိပ် အခွန်တင်သွင်းခွင့် အခွန်လျှော့ပေါ့သည့် ယေဘုယျ အခွန် ကင်းလွတ်ခွင့်ကို ပိတ်ပင်ခြင်း နည်းများဖြင့် ဒဏ်ခတ်ထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အီးယူ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အသိုင်းအ၀န်းနှင့် ဆက်ဆံရေး ပြန်ထူထောင်နိုင်ပြီး လူ့အခွင့်အရေး လေးစားသည့် လူမှုရေး၊ စီးပွားရေး တိုးတက်မှုကို ရှေးရှုသည့် ဒီမိုကရေစီ နည်းကျကျ တင်မြှောက်ခံရသည့် အရပ်သား အစိုးရတရပ် ပေါ်ထွန်းရေးဖြစ်သည်။ သို့သော် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင် အများအပြားနှင့် လုပ်ငန်းရှင်များအား အီးယူက ဒဏ်ခတ်ထားသည်။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့